Huawei ကနေ ယခုနှစ်ထဲမှာ Huawei P10 စမတ်ဖုန်းရဲ့ မျိုးဆက်သစ်စမတ်ဖုန်းတစ်ခုကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Huawei က အဆိုပါ စမတ်ဖုန်းကို ပုံမှန်အတိုင်း Huawei P11 လို့ ခေါ်ဆိုမှာမဟုတ်တော့ပဲ Huawei P20 လို့ ပြောင်းလဲခေါ်ဆိုတော့မှာဖြစ်ပါတယ်။

အဆိုပါ Huawei က ထုတ်လုပ်မယ့် Huawei P20 စမတ်ဖုန်းဟာ တစ်မျိုးထဲမဟုတ်ပဲ Huawei P20 ၊ Huawei P20 Plus နဲ့ Huawei P20 Pro ဆိုပြီး ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ တူညီတဲ့အချက်က အဆိုပါဖုန်း ၃ မျိုးစလုံးမှာ ဖုန်းရဲ့ နောက်ကျောဘက်မှာ ကင်မရာ ၃ လုံးပါဝင်လာမှာဖြစ်ပြီး ဘေးဘောင်ပျောက် Display အပြင် Apple iPhone X လိုမျိုး Face ID စနစ်ပါ ပါဝင်လာမယ်လို့ ယူဆရပါတယ်။



အဆိုပါ Face ID စနစ်ဟာ Huawei ကနေ နည်းပညာကို မနှစ်ကထုတ်ပြသွားပြီးဖြစ်ပြီးတော့ Huawei P20 စမတ်ဖုန်းဟာ ပထမဆုံးအသုံးပြုလာတဲ့ စမတ်ဖုန်းဖြစ်လာလောက်မှာပါ။ ဒါပေမယ့် Hauwei က Home Key နဲ့ Fingerprint Sensor တွေကိုတော့ ဆက်လက်ထားရှိထားတဲ့အတွက် Fingerprint နဲ့ Face ID ကိုပါ တွဲထားမယ်လို့ ယူဆရပါတယ်။

အခုအချိန်မှာတော့ Huawei ရဲ့ အဆိုပါ P20 စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းပုံတွေထွက်ရှိလာပြီဖြစ်ပြီးတော့ တစ်ခုထူးဆန်းတာကတော့ နောက်ကျောဘက်မှာရှိတဲ့ ကင်မရာ ၃ လုံးရဲ့ ပုံစံက တစ်ခုနဲ့ တစ်ခုမတူညီတာပဲဖြစ်ပါတယ်။

Huawei ရဲ့ အခု ကင်မရာ ၃ လုံးတပ်ဆင်ထားတဲ့ နည်းပညာက အနည်းငယ်ကြောင်တောင်တောင်နိုင်ပေမယ့် အစောပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ကင်မရာ ၃ လုံးပါဝင်တာက 40 MP ဓါတ်ပုံတွေရိုက်ကူးဖို့နဲ့ 5X Hybrid Zooming အတွက်ဖြစ်တယ်လို့ သိရပါတယ်။