ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက သြဇာကြီးမားတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Reuters က တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ Galaxy Note Series တွေကို ဆက်ပြီးမထုတ်တော့ဘူးလို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီသတင်းက စမတ်ဖုန်းနယ်ပယ်မှာ အတော်လေးကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး စိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတဲ့ သတင်းဖြစ်လာပါတယ်။

ဒါပေမယ့် Reuters ရဲ့သတင်းအပြီး တစ်ပတ်ကျော်အကြာမှာ Samsung ရဲ့ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီအနေနဲ့ Note စီးရီးကို ရပ်တန့်သွားဖို့အစီအစဉ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် Galaxy S စီးရီးသစ်မှာ S Pen ထောက်ပံ့လာတာကြောင့် Note စီးရီးရဲ့အနာဂတ်အပေါ်က သံသယတွေကတော့ ပျောက်ကွယ်သွားခြင်းမရှိတာ အမှန်ပဲဖြစ်ပါတယ်။

အခုတော့ နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Ice Universe က Samsung Galaxy Note စီးရီးဟာ အဆုံးသတ်သွားပြီလို့ တွစ်တာမှာ ဖော်ပြလာတာကို တွေ့ရပါတယ်။ သူ့ရဲ့တွိမှာက Galaxy Note ဆိုတဲ့စာသားရယ်၊ The End ဆိုတဲ့စာသားပါ ရုပ်ပုံရယ်ပဲ ပါဝင်ပါတယ်။ ဒါဟာ Galaxy Note စီးရီးအဆုံးသတ်သွားပြီဆိုတဲ့ Message လို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကထွက်ပေါ်လာတဲ့ Samsung ရဲ့သတင်းထုတ်ပြန်မှုမှာလည်း ကုမ္ပဏီအနေနဲ့ S Pen ကို Galaxy စမတ်ဖုန်းတွေမှာ ပိုပြီးထောက်ပံ့ပေးလာမယ်လို့ ထည့်သွင်းဖော်ပြထားပါသေးတယ်။ ဒါဟာ Note စီးရီးတွေကို ရပ်တန့်မယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပေမယ့် S Pen နဲ့ တွဲလျက်ထင်ရှားတဲ့ Galaxy Note တွေရဲ့တည်ရှိမှုကိုတော့ မှေးမှိန်လာစေတယ်လို့ ဆိုနိုင်ပါတယ်။

တစ်ဖက်ကကြည့်ပြန်တော့လည်း Galaxy Note 21 ဟာ ဖွံ့ဖြိုးဆဲအနေအထားမှာပဲ ရှိသေးတယ်ဆိုတာကလွဲရင် အခြားတိကျခိုင်မာတဲ့ အချက်အလက်တွေထွက်ပေါ်မလာသေးပါဘူး။ Galaxy Note 20 ရဲ့ နောက်ဆက်တွဲမျိုးဆက်သာ အမှန်တကယ်ထွက်လာရင်တော့ Note စီးရီးရဲ့ မရေရာတဲ့အနာဂတ်အကြောင်းကောလာဟလတွေဟာ နေရောင်အောက်ကနှင်းလို ပျော်ဝင်ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် “The End” ဆိုတဲ့စာတမ်းပဲ ထိုးသွားမယ့်ဘက်ကတော့ မဲအသာရနေတာအမှန်ပါပဲ။

Ref: Gizmochina