Twitter ကို Elon Musk ပြောင်းလဲဝယ်ယူအပြီးမှာ အဓိကပြောင်းလဲသွားတဲ့အချက်တစ်ခုက Twitter Blue ကို လစဥ်ကြေးပေးပြီး ဝယ်ယူမယ်ဆိုရင် ကိုယ့် Account ကိုပါ Verified Blue Mark ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ စစခြင်းတုန်းက Twitter Blue ဝယ်ယူသူတိုင်းကို Verified Blue Mark ထုတ်ပေးလိုက်တာကြောင့် လိမ်လည်မှုတွေဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်းမှာ အရောင်နဲ့ ပြန်လည်ခွဲခြားလိုက်တာကြောင့် ပြဿနာလျော့နည်းသွားတယ်လို့ သိရပါတယ်။

အခုလည်း အသုံးပြုသူများပြားတဲ့ Social Media တစ်ခုဖြစ်တဲ့ Instagram ဟာ Twitter လိုမျိုး အလားတူ Feature တစ်ခုကို စမ်းသပ်နေတယ်ဆိုပြီး သတင်းထွက်ပေါ်လာပါတယ်။ ဒါက ကိုယ့် Instagram Account ကို Verified ပြုလုပ်ဖို့အတွက် ပိုက်ဆံပေးလိုက်ရုံနဲ့ ပြုလုပ်ပေးသွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။

အဆိုပါသတင်းကို Reverse Engineer တစ်ဦးဖြစ်တဲ့ Alessandro Paluzzi က ဖော်ပြခဲ့တာဖြစ်ပြီး Instagram App ရဲ့ Internal Code တွေထဲမှာ “IG_NME_PAID_BLUE_BADGE_IDV” နဲ့ “FB_NME_PAID_BLUE_BADGE_IDV” ဆိုပြီး “Paid Blue Badge” လို့ ယူဆရတဲ့ Code တွေပါဝင်နေတာကို ရှာဖွေတွေ့ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Instagram ဟာ အခကြေးငွေပေးပြီး Verified ပြုလုပ်နိုင်ဖို့ကို စမ်းသပ်နေတယ်လို့ ယူဆရပါတယ်။

လက်ရှိအချိန်မှာ Twitter Blue ဟာ တစ်လကို $8 သို့မဟုတ် $11 ပေးပြီး ဝယ်ယူရတဲ့ Subscription Service တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Instagram ဟာ တစ်ကြိမ်တည်းပိုက်ဆံပေးပြီး ဝယ်ယူရတဲ့ Verification စနစ်ဖြစ်လာမလား၊ Twitter Blue လိုမျိုး လစဥ်ကြေးပေးပြီး ဝယ်ယူဖို့လိုအပ်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Engadget