Meta ရဲ့ စီအီးအို ဇူကာဘတ်က NFT လို့ ခေါ်တဲ့ Non Fungible Token တွေကို သူပိုင်တဲ့ လူမှုကွန်ရက် ပလက်ဖောင်း ၁ ခု ဖြစ်တဲ့ Instagram မှာ မကြာခင် ထည့်သွင်းပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။

Instagram Logo

ဇူကာဘတ်က ဒီ ၁ ပတ်အစောပိုင်းက ပြုလုပ်တဲ့ South By Southwest ပွဲမှာ “ လာမယ့် လအနည်းငယ်အတွင်း သင် ပိုင်တဲ့ NFT တချို့ကို Instagram မှာ အသုံးပြုလို့ရတော့မှာ ဖြစ်ပြီး အနာဂတ်မှာ အဲဒီ ပလက်ဖောင်းမှာပဲ အရောင်းအဝယ်ပြုလုပ်လို့ရလာနိုင်ပါတယ်။ ဒါတွေ တကယ် မဖြစ်လာခင်မှာ လုပ်ဆောင်ရမယ့် နည်းပညာပိုင်းဆိုင်ရာ များစွာ ရှိနေပါသေးတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ Instagram ဆီ NFT တွေ ယူဆောင်လာတော့မှာ ဖြစ်ပါတယ်။ “ လို့ ပြောခဲ့ပါတယ်။

Instagram

Instagram အကြီးအကဲ Adam Mosseri ကလည်း NFT တွေ ယူဆောင်လာနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေတယ်လို့ ပြောခဲ့ဖူးပေမယ့် သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပါဘူး။ ဇူကာဘတ်က အိန္ဒိယက Creator တွေနဲ့ Developer Community ကို အထူး အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။ Meta ဟာ တစ်ကမ္ဘာလုံးက ဘီလီယမ်နဲ့ချီတဲ့ လူသားတွေကို AR (Augmented Reality) မောင်းနှင်တဲ့ Metaverse အတွေ့အကြုံကို ပေးမယ်လို့ ကြေညာပြီးနောက်မှာ အခုသတင်းထွက်လာတာပါ။

ဇူကာဘတ်က ကုမ္ပဏီရဲ့ Fuel for India ပွဲမှာ Metaverse ကို တည်ဆောက်ရာမှာ အိန္ဒိယဟာ အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်လာမယ်လို့ ပြောပါတယ်။ Meta က Instagram မှာ NFT တွေကို ဘယ်လို ပုံစံနဲ့ ယူဆောင်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီး တွစ်တာကတော့ NFT တွေကို ပရိုဖိုင် ဓါတ်ပုံ အဖြစ် ထည့်သွင်းခွင့်ပေးထားပါတယ်။

Ref : gizmochina