5G စမတ်ဖုန်းတွေဟာ 4G စမတ်ဖုန်းတွေထက် ပါဝါလိုအပ်ချက် ပိုများပါတယ်။ ဒီလိုပဲ iPhone 12 နဲ့ iPhone 12 Pro တို့ဟာ 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုတဲ့အခါ 4G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုတာထက် ဘက်ထရီသုံးစွဲမှုပိုမယ်ဆိုတာကို သိနှင့်ပြီးသား ဖြစ်ကြပါလိမ့်မယ်။ ဘယ်၍ဘယ်မျှကုန်မယ်ဆိုတာကိုပဲ မသိကြသေးတာပါ။

အခုတော့ iPhone 12 နဲ့ iPhone 12 Pro ကို 5G သုံးမယ်ဆိုရင် 4G အနေနဲ့သုံးတာထက် ဘယ်ပမာဏလောက်အထိ ဘက်ထရီပိုစားသွားမလဲ၊ တစ်နည်းအားဖြင့် ဘက်ထရီအသုံးပြုနိုင်ချိန် ဘယ်လောက်ထိ လျော့နည်းသွားမလဲဆိုတာကို Tom’s Guide က လက်တွေ့စမ်းသပ်ပြီး အဖြေရှာပေးလိုက်ပြီ ဖြစ်ပါတယ်။

စမ်းသပ်မှုအရ iPhone 12 နဲ့ 5G သုံးစွဲတဲ့အခါမှာ ဘက်ထရီဟာ ၈ နာရီ ၂၅ မိနစ်ပဲ အသုံးခံပြီး 4G သုံးစွဲတဲ့အခါမှာတော့ ၁၀ နာရီနဲ့ ၂၃ မိနစ် အသုံးခံတာကို တွေ့ရပါတယ်။ ဒါကြောင့် ကြားထဲကကွာခြားမှုရာခိုင်နှုန်းဟာ ၂၀% ဝန်းကျင်ဖြစ်ပါတယ်။ iPhone 12 Pro ကတော့ 5G သုံးစွဲရင် ၉ နာရီနဲ့ ၆ မိနစ်၊ 4G သုံးစွဲရင် ၁၁ နာရီနဲ့ ၂၄ မိနစ် အသုံးခံတာကြောင့် အနည်းငယ်ပိုသုံးနိုင်တယ်ဆိုပေမယ့် ၂၀% ဝန်းကျင်ပဲ ပိုကောင်းတာ ဖြစ်ပါတယ်။

ဒါပေမယ့် iPhone 12 ဟာ 4G သုံးစွဲတာချင်းအတူတူဆိုရင် ပြီးခဲ့တဲ့ မျိုးဆက် iPhone 11 ထက် ၅၃ မိနစ်ပဲ ပိုသုံးနိုင်တာဖြစ်သလို၊ iPhone 12 Pro ကလည်း iPhone 11 Pro ထက် တစ်နာရီပဲ ပိုပြီးအသုံးခံတာကိုလည်း တွေ့ရပါတယ်။ ဒီ iPhone 12 နှစ်မျိုးကို ပြိုင်ဘက်လိုဖြစ်နေတဲ့ Galaxy S20, S20+ တွေနဲ့နှိုင်းယှဉ်ရင်တော့ တစ်ပြန်တစ်လှည့်စီ အသာရနေကြတာကို တွေ့ရပြန်ပါတယ်။

Galaxy S20 နဲ့ S20+ တို့ဟာ 4,000mAh နဲ့ 4,500mAh ပမာဏ ဘက်ထရီအသီးသီးရှိကြပါတယ်။ 60Hz စမ်းသပ်မှုမှာတော့ iPhone 12 နဲ့ 12 Pro တွေကို Galaxy S20 နဲ့ S20+ တွေက အနိုင်ရခဲ့ပါတယ်။

Ref: GSM Arena