ပြီးခဲ့တဲ့ ရက်ပိုင်းက Apple ဟာ သူ့ရဲ့ ထုတ်ကုန်အသစ်တွေဖြစ်တဲ့ Watch Series 6 ၊ Watch SE ၊ New iPad နဲ့ iPad Air မော်ဒယ် အသစ်တွေကို ‘Time Flies’ Event မှာ ကြေညာသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီက လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာ iPhone 12 မိတ်ဆက်ပွဲ လုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

iPhone 12 မိတ်ဆက်ပွဲ ကျင်းပမယ့် ရက်ကို အတိအကျ မသိရသေးပေမယ့် ထွက်လာတဲ့ သတင်းတွေအရ ပွဲကို အောက်တိုဘာ ၁၃ ရက်နေ့မှာ ကျင်းပနိုင်တယ်လို့ သိရပါတယ်။ Pre – order ကိုတော့ အောက်တိုဘာ ၁၆ ရက်နေ့ကနေ စတင် မှာယူလို့ရနိုင်မယ်လို့ သတင်းတွေ ထွက်နေတာပဲ ဖြစ်ပါတယ်။

Apple က ဒီတစ်ခေါက် ဖုန်းမော်ဒယ် လေးမျိုးကို မိတ်ဆက်သွားမှာ ဖြစ်ပြီး သူတို့နာမည်တွေလည်း အွန်လိုင်းပေါ်မှာ ပေါက်ကြားလာခဲ့ပါတယ်။ 5.4 လက်မ အရွယ်ရှိမယ့် အမျိုးအစားက iPhone 12 Mini ၊ 6.7 လက်မ အရွယ်ရှိမယ့် ဖုန်းအမျိုးအစားက iPhone 12 Pro Max ၊ 6.1 လက်မ ရှိမယ့် ဖုန်းမော်ဒယ် နှစ်မျိုးကတော့ iPhone 12 နဲ့ iPhone 12 Pro ဆိုပြီး ထွက်ရှိလာမယ်လို့ သိရပါတယ်။

သတင်းတွေ အရ 6.1 လက်မ နဲ့ 6.7 လက်မ အရွယ် iPhone 12 တွေရဲ့ Notch Display က iPhone 11 နဲ့ ပုံစံ တူမှာ ဖြစ်ပါတယ်။ ဒါပေမယ့် 5.4 လက်မ မော်ဒယ်ကတော့ မျက်နှာပြင်ကို ပိုကျယ်ကျယ် မြင်ရဖို့ အတွက် နည်းနည်းလေး ပိုကျဉ်းတဲ့ Notch ပုံစံနဲ့ မြင်ရမှာဖြစ်ပါတယ်။

အသစ်ထွက်လာမယ့် iPhone 12 ရဲ့ စျေးက အမေရိကန်ဒေါ်လာ ၆၉၉ ကနေ ၇၄၉ ကြား (မြန်မာငွေ ၉ သိန်း ၂ သောင်းဝန်းကျင်ကနေ ၉ သိန်း ၈ သောင်း ဝန်းကျင် ကြား) ၊ iPhone 12 Max က အမေရိကန်ဒေါ်လာ ၇၉၉ ကနေ ၈၄၉ ကြား (မြန်မာငွေ ၁၀ သိန်း ၅ သောင်း ဝန်းကျင်ကနေ ၁၁ သိန်း ၁ သောင်း ဝန်းကျင်ကြား ) ၊ Pro နဲ့ Pro Max မော်ဒယ်တွေကတော့ အမေရိကန်ဒေါ်လာ ၁၁၀၀ ကနေ ၁၂၀၀ ကြား (မြန်မာငွေ ၁၄ သိန်း ၄ သောင်းဝန်းကျင်ကနေ ၁၅ သိန်း ၇ သောင်းဝန်းကျင်ကြား ) အသီးသီးရှိလိမ့်မယ်လို့ သတင်းတွေ ထွက်နေတာပါ။ အသေးစိတ် အချက်အလက်တွေကိုတော့ ကုမ္ပဏီက တရားဝင် ကြေညာတော့မှပဲ ထပ်မံ သိရှိရမှာဖြစ်ပါတယ်။

Ref – Gizmochina