Apple iPhone X ဟာ လက်ရှိအချိန်မှာအကောင်းဆုံးသော iPhone တစ်ခုဖြစ်ပေမယ့်လည်း ဈေးနှုန်းအရလည်း ဒေါ်လာ ၁၀၀၀ ခန့် (၉၉၉ ဒေါ်လာတန်) နဲ့ ရောင်းချနေတာဖြစ်တဲ့အတွက် လက်ရှိ စမတ်ဖုန်းတွေထဲမှာရော Apple iPhone အနေနဲ့ရော ဈေးအကြီးဆုံးဖြစ်လာခဲ့ပါတယ်။

ဒီလိုမျိုးဈေးကြီးရတာဟာ ယခင်နဲ့မတူတော့တဲ့ Bezel-less Design တွေ၊ စွမ်းဆောင်ရည်ပိုကောင်းလာတဲ့ A11 Bionic Chip နဲ့ Face ID လို စနစ်သစ်တွေကြောင့်လို့ Apple ကပြောကြားပေမယ့် Research Company တစ်ခုဖြစ်တဲ့ IHS Markit ရဲ့ စစ်ဆေးချက်အရတော့ Apple iPhone X က ဒေါ်လာ ၃၇၀ ပဲ ကုန်ကျတာကို တွေ့ရပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Samsung Galaxy S8 ကလည်း ထုတ်လုပ်မှုစရိတ်က ဒေါ်လာ ၃၀၀ ကျော်ရှိနေပြီးတော့ ရောင်းချတဲ့ဈေးက ဒေါ်လာ ၇၀၀ ဝန်းကျင်နဲ့ပဲရောင်းချနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple iPhone X ရဲ့ ဈေးက အနည်းငယ်များပြားတယ်လို့တောင်ပြောလို့ရပါတယ်။

IHS Markit ရဲ့ ထုတ်ပြန်ချက်အရ iPhone X ရဲ့ အစိတ်အပိုင်းတွေထဲမှာ ဈေးနှုန်းအကြီးမားဆုံးက Face ID လိုမျိုး အသစ်ပါဝင်လာတဲ့နည်းပညာမဟုတ်ပဲ Samsung ဆီကနေ ဝယ်ယူထားရတဲ့ 5.85″ အရွယ် OLED Display က ဈေးအများဆုံးလို့ သိရပါတယ်။ Apple က အဆိုပါ Display ကို ဒေါ်လာ ၁၁၀ ဝန်းကျင်နဲ့ ဝယ်ယူခဲ့ရတာဖြစ်ပြီး iPhone X တစ်ခုလုံးရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ရဲ့ ၃ ပုံ ၁ ပုံ ဖြစ်နေတာ ဖြစ်ပါတယ်။