နှစ်စဉ်စမတ်ဖုန်းတွေရဲ့ ရောင်းအားကိုတွက်ချက်တတ်တဲ့ Strategy Analytics ကနေ အခုအချိန်မှာတော့ ၂၀၁၈ ခုနှစ်အတွက် ပထမလေးလပတ်မှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းတွေကို ထုတ်ပြန်ခဲ့ပြီး ရလဒ်က အနည်းငယ်အံ့သြစရာဖြစ်ခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုရင်တော့ ပြီးခဲ့တဲ့ ၄ လပတ်တာ ကာလမှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ စမတ်ဖုန်းက Apple ရဲ့ ဒေါ်လာ ၁၀၀၀ တန် iPhone X ဖြစ်နေတာကြောင့်ပါ။ ဒါ့ထက်ပိုထူးဆန်းတာက Apple iPhone X အောက်က နံပတ် ၂ ကနေ နံပါတ် ၄ အထိကိုလည်း iPhone 8 ၊ iPhone 8 Plus နဲ့ iPhone 7 တွေပဲ ရှိနေတာဖြစ်ပါတယ်။

အခုလိုမျိုး Apple iPhone တွေပဲ ပထမ ၄ လပတ်မှာရောင်းရတာက အခုအချိန်ဟာ စမတ်ဖုန်းအသစ်တွေ အရင်ဆုံးရောင်းချနိုင်တဲ့အချိန်မဟုတ်တဲ့အတွက် သုံးစွဲသူတွေက Android စမတ်ဖုန်းအသစ်ထွက်မှာတွေကို မစောင့်နိုင်တာကြောင့် Apple iPhone တွေကိုပဲဝယ်ယူကြတာလည်း ဖြစ်ဖို့များနေပါတယ်။

နံပါတ် (၅) နေရာမှာကတော့ Xiaomi ရဲ့ Budget စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Redmi 5A စမတ်ဖုန်းက နေရာရယူထားပြီးတော့ အဆိုပါ ဖုန်းက ဒေါ်လာ ၉၀ ဝန်းကျင်ပဲရှိတဲ့အတွက် Budget ဖုန်းတွေထဲမှာ အောင်မြင်တဲ့ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။ နောက်ဆုံး နံပါတ် (၆) နေရာမှာမှ Samsung ရဲ့ နောက်ဆုံးထွက် ဖုန်းသစ်ဖြစ်တဲ့ Galaxy S9 Plus က ရှိနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ကတော့ လူကြိုက်အများဆုံးနဲ့ ဝယ်ယူမှုအများဆုံး စမတ်ဖုန်းဖြစ်နေဆဲပါပဲ။