Apple ရဲ့ iPhone XR ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ လူကြိုက်အများဆုံး စမတ်ဖုန်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ iPhone XR ဟာ အခြားနှစ်မျိုးထက် အပြတ်အသတ်ပိုများတဲ့ယူနစ်တွေ တင်ပို့ရောင်းချခဲ့ရတာလည်းဖြစ်ပါတယ်။

Omdia ရဲ့ အချက်အလက်အရ Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက iPhone XR အလုံးရေပေါင်း ၄၆.၃ သန်း တင်ပို့ရောင်းချခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တုန်းကရောင်းချနိုင်ခဲ့တဲ့ ၂၃.၁ သန်းထက် ထက်ဝက်လောက် ပိုများနေတာကို တွေ့မြင်ရပါတယ်။

iPhone 11 ကတော့ Apple ရဲ့ Mid-ranger အသစ်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ထဲမှာ ၃၇.၃ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒါကြောင့် iPhone XR ရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း iPhone 8, 8 Plus, X စတာတွေကတော့ iPhone XR နဲ့ 11 တို့နောက် ခပ်ဝေးဝေးမှာပဲ ရှိနေကြတာ ဖြစ်ပါတယ်။

Apple ရဲ့ တင်ပို့ရောင်းချမှုတွေက အစောပိုင်းမှာဖော်ပြခဲ့တဲ့ပမာဏရှိတယ်ဆိုပေမယ့် ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၇ နောက်ပိုင်း ၂ နှစ်ဆက်တိုက် ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၈ တုန်းက ၅.၁% ကျဆင်းခဲ့ပြီး ၂၀၁၉ မှာတော့ ၄.၆% ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

Omdia ကတော့ တင်ပို့မှုရာခိုင်နှုန်းကျဆင်းခဲ့တာနဲ့ပတ်သက်ပြီး Apple iPhone တွေရဲ့ အခြေခံဈေးနှုန်းတွေကို ထောက်ပြခဲ့ပါတယ်။ ၂၀၁၉ ရဲ့ iPhone 11 ဟာ ၂၀၁၆ တုန်းက iPhone 7 ထက် ဒေါ်လာ ၅၀ ပိုပြီး များခဲ့တယ်လို့ ဆိုပါတယ်။ ဒီသုံးနှစ်အတွင်းမှာ Full-loaded flagships တွေဆိုရင် ဈေးနှုန်းမြင့်တက်မှုပမာဏက ပိုပြီးသိသာပါတယ်။

Samsung ကတော့ Gaalxy A10 နဲ့အတူ တတိယနေရာမှာရှိနေတာကိုတွေ့ရပါတယ်။ A10 ဟာ ယူနစ်ပေါင်း ၃၀.၃ သန်းအထိ တင်ပို့ရောင်းချခဲ့ရတာပါ။ စတုတ္ထနေရာက Galaxy A50 ကတော့ ၂၄.၂ သန်းနဲ့ ပဥ္စမနေရာက Galxy A20 က ၁၉.၂ သန်းအထိ တင်ပို့ရောင်းချခဲ့ရတာကို တွေ့ရပါတယ်။

ထိပ်ဆုံး ၁၀ နေရာမှာ Apple က ၅ နေရာထိ သိမ်းပိုက်ထားပြီး Samsung က ၄ နေရာနဲ့ Redmi က Note 7 နဲ့အတူ တစ်နေရာ ရယူထားနိုင်တာကိုလည်း တွေ့ရပါတယ်။ 5G စမတ်ဖုန်းဈေးကွက်ဘက်ကို ပြန်ကြည့်မယ်ဆိုရင်တော့ Samsung ရဲ့ Galaxy Note 10+ 5G ဟာ ၂.၆ သန်းရောင်းချနိုင်ခဲ့ပြီး Huawei ရဲ့ Mate 30 Pro 5G က ၂.၅ သန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

Ref: GSM Arena