Samsung Galaxy Note series ရဲ့ 2021 edition ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် အချို့ကောလာဟလသတင်းတွေကတော့ လာမဲ့နှစ်တွေမှာ ပြန်ပြီးမြင်တွေ့ရနိုင်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ယုံကြည်စိတ်ချရတဲ့ Tipster တစ်ဦးက ဒီကောလာဟလတွေကို ငြိမ်သက်သွားစေမဲ့သတင်းကို ယူဆောင်လာပါတယ်။

Galaxy Note ဟာ အမှန်တကယ်ပဲ ပြီးဆုံးသွားပြီလို့ ယုံကြည်ရပါတယ်။ “Note is over” ဆိုတဲ့စာသားကို တွစ်တာမှာ ရေးသားဖော်ပြခဲ့တာကတော့ ဇာတ်လိုက်ကျော်ကြီး Ice Universe ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အများစုမျှော်လင့်နေတဲ့ Galaxy Note 22 ဆိုတာ ထွက်ပေါ်လာမှာမဟုတ်သလို၊ နောက်ထပ် မျိုးဆက်သစ် Note တွေလည်း ထွက်ပေါ်လာမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

သတင်းရင်းမြစ်ရဲ့ ခန့်မှန်းချက်ကတော့ Galaxy Note lineup နေရာမှာ Galaxy S စီးရီးတွေက အစားထိုးဝင်ရောက်လာမယ် ဆိုတာပါပဲ။ အထူးသဖြင့် Galaxy Note lineup ရဲ့ ထင်ရှားတဲ့ ဒီဇိုင်းပိုင်းဆိုင်ရာကို S စီးရီးဆီ ကူးပြောင်းစေမှာဖြစ်သလို၊ အချို့ Elements တွေကိုလည်း ယူသုံးလာမယ်ဖြစ်တယ်ဆိုတဲ့ ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။ “S becomes Note” ကို တကယ်ပဲ မြင်တွေ့ရမှာလားဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဒါကြောင့် Galaxy S22 line ရဲ့ ပုံသဏ္ဍာန်ဟာ “Galaxy S နဲ့ Galaxy Note” တို့ရဲ့ ကြားမှာ ရှိနေမယ်လို့ Ice Universe က ဆိုပါတယ်။ “Between S and Note” ဖြစ်တာကြောင့် S ရဲ့ဒီဇိုင်းအတိုင်းတည်ဆောက်ထားမှာမဟုတ်သလို Note ရဲ့ဒီဇိုင်းနဲ့လည်း ထပ်တူကျနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အနာဂတ်ရဲ့ Galaxy S မော်ဒယ်တွေကို “Boxier” ဒီဇိုင်းနဲ့ မြင်တွေ့ဖို့ မျှော်လင့်ထားရမယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Galaxy S22 မှာ ထည့်သွင်းလာဖို့မဖြစ်နိုင်တဲ့ Galaxy Note ရဲ့ ဒီဇိုင်း Feature တစ်ခုကတော့ Built-in S Pen ပါပဲ။ Samsung အနေနဲ့ Stylus တွေကို သူ့ရဲ့ Ultra-branded မော်ဒယ်တွေမှာ နောက်ထပ်ရွေးချယ်စရာအပိုပစ္စည်းတစ်ခုအဖြစ်နဲ့ပဲ ဆက်လက်ထားရှိသွားမယ်လို့ ယူဆရပါတယ်။

အခြားတစ်ဖက်မှာ Galaxy Z Fold စီးရီးကို သုံးစွဲသူတွေလက်ထဲပိုပြီးရောက်ရှိနိုင်ဖို့ ပစ်မှတ်ထားထုတ်လုပ်နေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒီစီးရီးဟာ ပိုပြီးတော့ဈေးကြီးတယ်ဆိုပေမဲ့ S Pen ထောက်ပံ့လာနိုင်မှုက နောက်ဆုံးပေါ်နည်းပညာနဲ့ ဆန်းသစ်မှုကိုနှစ်သက်တဲ့ဖောက်သည်တွေကို နောက်ထပ်တစ်ဖန် ဆွဲဆောင်လာနိုင်စေမယ်လို့ ယုံကြည်ရပါတယ်။

Ref: Phone Arena