Huawei ရဲ့ လာမယ့် Flagship စီးရီးအသစ် Mate 40 အတွက် စောင့်မျှော်နေကြသူတွေ များပြားနေပြီး Mate စီးရီးဟာ နှစ်စဉ် ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာသစ်တွေကို သယ်ဆောင်လာနေကျ ဖြစ်ပါတယ်။ ယနေ့မှာ သူ့ရဲ့ Specs တွေ ပေါက်ကြားလာခဲ့ပြီး ထူးဆန်းစွာနဲ့ Huawei ရဲ့ Liquid Lens ကင်မရာ နည်းပညာသစ်ကို ပထမဆုံးအကြိမ် စျေးကွက်တင် ရောင်းချဖို့ ယူဆောင်လာမယ်လို့လည်း ဖော်ပြလာပါတယ်။

Mate 40 စီးရီး အဖွဲ့ဝင် ဟန်းဆက်နှစ်ခု ထွက်ပေါ်လာခဲ့ပြီး သူတို့ကို “Ocean” နဲ့ “Noah” ဆိုတဲ့ အမည်ဝှက်တွေ ပေးထားပါတယ်။ “Ocean” ဟာ ပုံမှန် Vanilla ဗားရှင်း Mate 40 ဖြစ်လာပြီး သူ့မှာ LG Display ကနေ ဝယ်ယူသုံးစွဲထားတဲ့ 6.67” Curved Screen တစ်ခု ပါပါတယ်။

Mate 40 “Ocean” ရဲ့ မျက်နှာပြင်ဟာ 90Hz Refresh Rate ပါဝင်မှာပါ။ ကင်မရာပိုင်းမှာတော့ 50MP အဓိက Sensor ကို 20MP Ultrawide + 8MP Telephoto တို့နဲ့ ဝန်းရံထားပါတယ်။ ဒီဖုန်းမှာ Laser Autofocus Module တစ်ခုလည်း ပါရှိမှာ ဖြစ်ပါတယ်။

“Noah” ဆိုတဲ့ အခြားဟန်းဆက်ကတော့ Mate 40 Pro သို့မဟုတ် Mate 40 Pro+ မော်ဒယ် ဖြစ်မှာပါ။ သူကတော့ LG နဲ့ BOE နှစ်ခုလုံးဆီက ရယူထားတဲ့ Waterfall Display ကို အသုံးပြုလာမယ်လို့ ဆိုပါတယ်။ ပုံမှန်မော်ဒယ်လိုပဲ 90Hz Refresh Rate ပဲလို့ ဆိုထားကာ အတွင်းမှာ Kirin 9000 CPU အသုံးပြုလာမှာပါ။

ကင်မရာပိုင်းမှာတော့ လွန်ခဲ့တဲ့လ အနည်းငယ်ကမှ Huawei မိတ်ဆက်ထားတဲ့ Liquid Lens နည်းပညာ အသစ်စက်စက်နဲ့ 50MP Sensor ကို သယ်ဆောင်လာမှာ ဖြစ်ပါတယ်။ ဒီနည်းပညာက ပိုမြန်ဆန်တဲ့ Autofocus နဲ့ ပိုကောင်းတဲ့ ပုံရိပ်ဖမ်းယူခြင်း တည်ငြိမ်မှုကို ရရှိစေပါတယ်။

အစောပိုင်း သတင်းတွေမှာ ဒီနည်းပညာကို လာမယ့်နှစ် Huawei P50 စီးရီး မိတ်ဆက်မှ မြင်တွေ့ရမယ်လို့ ဆိုထားကြပေမယ့် အခုတော့ Mate 40 စီးရီးထဲမှာ အသင့်ပါလာနိုင်တဲ့ အဆင့်ထိ ရောက်နေတာကို တွေ့လာရတာပါ။ ဒါပေမယ့် သတင်းရင်းမြစ်တွေက Liquid Lens နည်းပညာဟာ စျေးကွက်တင် ထုတ်လုပ်ရလောက်အောင် အသင့်မဖြစ်သေးဘူးလို့လည်း ဆိုထားတာကြောင့် Huawei က တရားဝင် ထုတ်ပြောလာတဲ့ထိ စောင့်သင့်ပါတယ်။

Mate 40 Pro “Noah” ကတော့ 50MP Sensor ကို 80MP Ultrawide Cine ကင်မရာ၊ Periscope Lens နဲ့ ToF Sensor တို့ ဝန်းရံထားမှာပါ။ Mate 40 စီးရီးရဲ့ ဘက္ထရီက 4,300 mAh / 4,600 mAh / 5000 mAh သုံးမျိုး ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။ ဒါ့ကြောင့် မော်ဒယ်သုံးမျိုး မြင်တွေ့ရမှာဖြစ်ပြီး အခုတလော ခေတ်စားနေတဲ့အတိုင်း Mate 40, Mate 40 Pro, Mate 40 Pro Plus တို့ ဖြစ်နိုင်ပါတယ်။ အဆိုပါ Leak ထဲမှာ ဒီဖုန်းတွေရဲ့ Display မှာ ဆေးတောင့်ပုံ Punch-hole နဲ့ Face ID စနစ် တို့ ပါဝင်လာမယ်လို့လည်း ဆိုထားပါတယ်။

Ref – GizmoChina