LG Display ဟာ CES မှာ ခေါက်နိုင်တဲ့ 17-inch OLED panel ကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ ပထမဆုံးဖောက်သည်အဖြစ် HP ကို ရရှိခဲ့ပြီး ဒီနှစ်နှောင်းပိုင်းမှာ အဆိုပါ Panel ကို အသုံးပြုပြီး ခေါက်နိုင်တဲ့ HP အမှတ်တံဆိပ်နဲ့ Laptop တွေ့မြင်လာရမယ်လို့ The Elec က ဖော်ပြလိုက်ပါတယ်။

LG ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Lenovo ThinkPad X1 Fold အတွက် 13.3-inch panel ကို ထောက်ပံ့ပေးခဲ့ပါသေးတယ်။ မိုလ်ဘိုင်းထုတ်လုပ်မှုကနေ အရှုံးပေးထွက်ခွာလိုက်တဲ့ ကုမ္ပဏီကြီးဟာ မျက်နှာပြင်ထုတ်လုပ်မှုပိုင်းမှာတော့ ပိုပြီးတော့အားပြည့်အင်ပြည့်ဆောင်ရွက်နေတာကို တွေ့မြင်ရပါတယ်။ ခန့်မှန်းချက်တွေအရ LG အနေနဲ့ ပိုပြီးကြီးမားတဲ့ဖောက်သည်အဖြစ် Apple နဲ့လည်း ချိတ်ဆက်ထားတယ်လို့ ဆိုနိုင်ပါတယ်။

ကိုရီးယားမီဒီယာကြီးကတော့ LG နဲ့ Appleတို့ဟာ ခေါက်နိုင်တဲ့ MacBook-iPad hybrid မှာအသုံးပြုမဲ့ Panel သစ်ကိုဖန်တီးဖို့အတွက် ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ ရေးသားဖော်ပြထားပါတယ်။ Panel ဟာ Polyamide အစား Ultra-Thin Glass (UTG) ကို အသုံးပြုလာမယ်လို့လည်း ဆိုပါတယ်။ Apple ဟာ သူ့ရဲ့ ပထမဆုံး Foldable Phone ကို လာမဲ့နှစ်မှာ ထုတ်ဖော်ပြသမယ်လို့ မျှော်လင့်ရပြီး Stylus ကို ပံ့ပိုးပေးမဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။

Foldable laptop ဟာ Stylus ကို ပံ့ပိုးပေးမယ်လို့ ယုံကြည်ရပါတယ်။ LG က Lenovo နဲ့ HP ဆီပံ့ပိုးပေးနေတဲ့ Panel တွေကတော့ Touch နဲ့ Stylus input နှစ်ခုစလုံးကို ပံ့ပိုးပေးပါတယ်။ အထူးသဖြင့် HP ဟာ ဖြန့်ထားချိန်မှာ 17-inch အရွယ်အစားနဲ့ ခေါက်ထားချိန်မှာ 11-inch ဖြစ်ပြီး 4K ရုပ်ထွက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ LG အနေနဲ့ ယူနစ်ပေါင်း တစ်သောင်း ထုတ်လုပ်မယ်လို့လည်း သတင်းဖော်ပြထားပါတယ်။

ဒါ့အပြင် ဖြန့်ထားချိန်မှာ 13.3-inch နဲ့ ခေါက်ထားချိန် 6.2-inch ရှိတဲ့ (2,048 x 1,536 px resolution) နဲ့ Panel ပေါင်း နှစ်သောင်းကိုလည်း Lenovo အတွက် ပြုလုပ်ထားနှင့်ပြီးဖြစ်တယ်လို့ သိရပါတယ်။ Apple ကတော့ ဒီပမာဏတွေထက် ပိုပြီးများပြားတဲ့ ကိန်းဂဏန်းအရေအတွက်ကို လိုအပ်နိုင်ပါတယ်။ ဒါကြောင့် LG Display အနေနဲ့ သူ့ရဲ့ထုတ်လုပ်မှုလိုင်းတွေကို ချဲ့ထွင်ဖို့ အချိန်လိုအပ်နိုင်ပါတယ်။

Ref: GSM Arena