အခုနှစ်ရဲ့ Mobile World Congress – MWC ပွဲမှာ LG ကလည်း စမတ်ဖုန်းအသစ်ကို ထုတ်ပြသွားမယ့်ပုံမပေါ်တော့ပါဘူး။ LG ရဲ့ ယခုနှစ်အတွက် Flagship ဖုန်းဖြစ်လာမယ့် LG G7 ဟာလည်း အခုအချိန်အထိ ဘာအသံမှမကြားရသေးသလို နှစ်ဝက်လောက်မှပဲမိတ်ဆက်တော့မယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမယ့်လည်း LG ဟာ MWC ပွဲကို လက်လွတ်ခံမှာတော့ မဟုတ်ပဲ လက်ရှိရောင်းချနေတဲ့ LG V30 စမတ်ဖုန်းကိုပဲ အဆင့်မြှင့်တင်မှုတွေပြုလုပ်ပြီး ပြန်လည်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အခုထပ်မံထုတ်လုပ်မယ့် LG V30 စမတ်ဖုန်းကို V30+α လို့ နာမည်ပေးလာမယ်လို့ သိရပြီး အနောက်က သင်္ချာအသုံးအနှုန်းတစ်ခုဖြစ်တဲ့ Alpha (α) ဟာ LG ကနေ လက်ရှိ Google နဲ့ ပူးပေါင်းပြီးဆောင်ရွက်နေတဲ့ AI Assistant Functions တွေတိုးချဲ့ပြီး ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး LG ဟာ V30 စမတ်ဖုန်းကို အပြင်ပန်းမပြောင်းလဲပဲ အတွင်းပိုင်း Software လောက်ပဲ ပြောင်းလဲပြီးရောင်းချဖို့ စီစဉ်နေတာက Hardware အသစ်၊ Software အဆင့်မြှင့်တင်မှုတွေနဲ့ ပွဲထွက်လာမယ့် Samsung Galaxy S9 လိုမျိုး စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် အမှန်တကယ်ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။