LG ဟာ အခုအချိန်မှာ စမတ်ဖုန်းစျေးကွက်မှာတော့ ယခင်လောက်အောင်မြင်မှုမရရှိတော့ပေမယ့် Display စျေးကွက်မှာတော့ တီထွင်မှုတွေအများအပြားပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ အခုလည်း မကြာခင်ရက်သတ္တပတ်အတွင်းမှာ ပြုလုပ်တော့မယ့် Consumer Electronic Show (CES) 2021 မှာ Display နည်းပညာအသစ်ကို ပြသသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒါကတော့ 48″ 4K Bendable CSO (Cinematic Sound OLED) Display ဖြစ်တယ်လို့ သိရပြီးတော့ ပုံမှန်အချိန်မှာ Flat Display အနေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို လိုအပ်တဲ့အချိန်မှာလည်း 1,000mm Radius ရှိတဲ့ Curved Display အနေနဲ့ ကွေးညွတ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ကွေးညွတ်နိုင်တဲ့အတွက် ရုပ်ရှင်ကြည့်၊ အလုပ်လုပ်နေတဲ့အချိန်မှာ ပုံမှန် Flat Display အနေနဲ့ အသုံးပြုပြီး Game ဆော့တဲ့အချိန်မျိုးမှာ Curved Display အနေနဲ့ ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

LG အနေနဲ့ အခုအချိန်မှာ လိပ်သိမ်းနိုင်တဲ့ Rollable TV တွေကိုလည်း မိတ်ဆက်ထားပြီးဖြစ်သလို ဖောက်ထွင်းမြင်ရတဲ့ Transparent OLED TV တွေကိုလည်း ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး ကွေးညွတ်နိုင်တဲ့ TV တဖြစ်လဲ Gaming Monitor Concept ကလည်း တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

နောက်ထပ် ထူးခြားချက်တော့ CSO Display ဖြစ်တဲ့အတွက် OLED Panel တစ်ခုလုံးကို Speaker အနေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Display Refresh Rate အနေနဲ့ကတော့ 40Hz ကနေ 120Hz အထိရရှိနိုင်မှာဖြစ်ပါတယ်။ ဒါက စျေးကွက်ထဲက တခြားသော Gaming Monitor တွေရဲ့ 240Hz သို့မဟုတ် 360Hz Display တွေနဲ့ မယှဥ်နိုင်ပေမယ့် 4K OLED Monitor တစ်ခုအနေနဲ့ကတော့ အထင်ကြီးစရာကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ ကွေးညွတ်နိုင်တဲ့ 4K OLED Gaming Monitor အကြောင်းအသေးစိတ်ကိုတော့ မကြာခင်မှာ သိရှိရတော့မှာပါ။

Ref – Engadget