ယခုနှစ် ၂၀၁၈ ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် ခေါက်သိမ်းလို့ရတဲ့ စမတ်ဖုန်းတွေက ခေတ်စားလာမယ့် ပုံပါပဲ။ ဘာဖြစ်လို့လည်း ဆိုရင် လက်ရှိအချိန်မှာ Samsung နဲ့ Huawei ကုမ္ပဏီတွေက ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းတွေကို ယခုနှစ်ထဲမှာ ထုတ်လုပ်သွားမယ်လို့ ကြေငြာခဲ့ပြီးတော့ အခုအချိန်မှာ LG ကလည်း ခေါက်နိုင်တဲ့စမတ်ဖုန်းထုတ်လုပ်ဖို့ကို မူပိုင်ခွင့်ရယူလိုက်ပြီဖြစ်ပါတယ်။

LG ရဲ့အခုစမတ်ဖုန်းဒီဇိုင်းဟာ ခေါက်ထားတဲ့အချိန်မှာတော့ စမတ်ဖုန်းတစ်ခုနဲ့တူညီပေမယ့် ဖြန့်လိုက်တဲ့အချိန်မှာတော့ Tablet တစ်ခုနဲ့တောင် ဒီဇိုင်းတူညီနေတာကိုတွေ့ရှိရပါတယ်။

ယခင်က ZTE ကလည်း Axon M အမည်နဲ့ ခေါက်နိုင်တဲ့စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ခဲ့သေးပေမယ့် အခု LG ရဲ့ စမတ်ဖုန်းဟာ ZTE နဲ့ တူညီခြင်းမရှိပဲ Display ၂ ခုဆက်တဲ့နေရာမှာ ဘေးဘောင်တွေမရှိတဲ့အတွက် ဖြန့်ပြီးအသုံးပြုတဲ့အချိန်မှာလည်း ပုံမှန် Display တစ်ခုအတိုင်းပဲ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

အခုလိုမျိုး စမတ်ဖုန်းထုတ်လုပ်သူတွေက ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေကြပေမယ့် ဈေးကွက်ထဲကို ဘယ်သူကအရင်ဆုံးရောက်ရှိအောင် ပို့ဆောင်နိုင်မလဲကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။