မကြာခင်ကပဲ CES 2024 မှာ Samsung က ကမ္ဘာ့ ပထမဆုံးလို့ ကြွေးကြော်ကာ ဖောက်ထွင်းမြင်ရတဲ့ TV ကို ကြေညာခဲ့ပါတယ်။ အခုတော့ LG ကလည်း အားကျမခံ ဖောက်ထွင်းမြင်ရတဲ့ TV ကို ကြေညာလိုက်ပြီး ကမ္ဘာ့ ပထမဆုံးလို့ ကြွေးကြော်လာပြန်ပါတယ်။ ဘယ်သူက ကမ္ဘာ့ ပထမဆုံးလဲ ဆိုတာတော့ မပြောတတ်တော့ပါဘူး။ (Transparent OLED နဲ့ transparent MicroLED အသီးသီးထုတ်ကြတာဆိုတော့)

LG Signature OLED TV လို့ အမည်ပေးထားပြီး ဖောက်ထွင်းမြင်ရတဲ့ OLED Panel တပ်ဆင်ထားပါတယ်။ ၇၇ လက်မ အရွယ်အစား ရှိပြီး 4K Image Quality ကို ပြသပေးနိုင်ပါတယ်။ ကြိုးမဲ့ စနစ် ထည့်သွင်းထားပြီး Zero Connect Box က ကြိုးတွေကို စီမံခန့်ခွဲရတာ လွယ်ကူစေပါတယ်။ Alpha 11 AI Processor ပါလာပြီး ရုပ်ပုံ အရည်အသွေးကို သိသိသာသာ တိုးတက်စေတယ်လို့ LG က ပြောပါတယ်။

LG ဟာ ကမ္ဘာ့ TV ဈေးကွက်မှာ နံပါတ် ၂ နေရာကို ရထားပြီး ဈေးကွက်ဝေစု ၁၂.၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ Samsung ကတော့ ဈေးကွက်ဝေစု ၃၃.၃ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ LG ဟာ နံပါတ် ၂ နေရာကို ရထားပေမယ့် အကြီးမားဆုံး ပြိုင်ဖက်ဖြစ်တဲ့ Samsung ကို အမှီလိုက်ဖို့ ကြိုးစားနေပါတယ်။ အဲဒီအတွက် တီထွင်ဆန်းသစ်မှုက အရေးကြီးပါတယ်။

ဖောက်ထွင်းမြင်ရတဲ့ TV ဟာ လက်ရှိမှာ တန်ဖိုးကြီး ထုတ်ကုန်ဖြစ်ပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ လူတိုင်း သုံးနိုင်တဲ့ ပစ္စည်း ဖြစ်လာတော့မှာပါ။ တစ်နေ့မှာ ဖောက်ထွင်းမြင်ရတဲ့ TV တွေဟာ နေအိမ်တွေရဲ့ ပြတင်းပေါက်တွေတောင် ဖြစ်လာနိုင်ပါတယ်။

Ref: gizmochina