သမ္မတ ဒေါ်နယ် ထရန့် (Donald Trump) က သိပ္ပံပညာရပ်ကနေ ရှာဖွေတွေ့ရှိချက်တွေကို လက်မခံဘဲ ငြင်းပယ်နေမှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မြို့ပေါင်း ၅၀၀ ကျော်က သိပ္ပံပညာရှင်တွေက ဧပြီလ ၂၂ ရက်နေ့မှာ ဆန္ဒပြကြပါတယ်။

March for Science လို့အမည်ရတဲ့ ဆန္ဒပြလှုပ်ရှားမှုဟာ ကမ္ဘာမြေနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၀ါရှင်တန်ဒီစီ မြို့မှာတော့ ဆန္ဒပြသူအများဆုံးဖြစ်ပါတယ်။

သမ္မတ ထရန့်က လူတွေကြောင့် ရာသီဥတုထိခိုက် ပြောင်းလဲနေမှု သိပ္ပံတွေ့ရှိချက် တွေကို ငြင်းပယ်အရေးမစိုက်တာကြောင့် ဆန္ဒပြကြတာပါ။

သမ္မတ ထရန့်အစိုးရက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သဘောတူထားတဲ့ Kyoto သဘောတူစာချုပ်ကို တောင် အကောင်အထည်မဖော်ချင်တော့ပါဘူး။

“ဒါက ရာသီဥတုပြောင်းလဲမှုတင်မဟုတ်ပါဘူး။ လူထု လုံခြုံရေး ကိစ္စရပ်ကိုဖြစ်နေပါပြီ။ အခု ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေက ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကိုတောင် ထိခိုက်နေပြီ”လို့ သိပ္ပံနဲ့ ဒီမိုကရေစီ ဗဟို ဌာနရဲ့ ညွှန်ကြားရေးမှူး အန်ဒရူး ရိုဆန်ဘတ်က ပြောပါတယ်။

သမ္မတ ထရန့်က သမ္မတဟောင်း ဘားရက် အိုဘားမား (Barack Obama) ချမှတ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းတွေဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ချရေးစတဲ့ စည်းမျဉ်းအများစုကို ပယ်ဖျက်နေပါပြီ။

သမ္မတ ထရန့်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ (EPA) ရဲ့ ထောက်ပံ့ကြေးတွေကို ပယ်ဖျက်လိုက်တဲ့အပြင် အမျိုးသား ကျန်းမာရေးအဖွဲ့ရဲ့ ထောက်ပံ့ပေးကြေးတွေကိုလည်း ၂၀ ရာခိုင်နှုန်းလျော့ချလိုက်ပါတယ်။

သိပ္ပံပညာရှင်တွေက အမေရိကန်အစိုးရကို သိပ္ပံပညာအရ ရရှိလာတဲ့ သုတေသန အချက်တွေအပေါ်သာ အခြေခံဖို့နဲ့ ကိုယ်ပိုင်ထင်မြင်ချက်တွေအပေါ်မှာ တောင်းဆိုခဲ့ပါတယ်။