လက်ရှိအချိန်မှာ အကြီးမားဆုံး Streaming Service တစ်ခုဖြစ်တဲ့ Netflix ဟာ အသုံးပြုသူတွေအတွက် အရေးပါတဲ့ Feature အသစ်တစ်ခုကို ထုတ်ပေးလိုက်ပါတယ်။ ဒါကတော့ Device တွေအားလုံးအတွက် Spatial Audio Feature ကို မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။

အခုလိုမျိုး Spatial Audio ကို Netflix မှာ စတင်ထောက်ပံ့ပေးလာပြီဖြစ်တဲ့အတွက် Multichannel Speaker တွေနဲ့ တချို့သော Headphone ၊ Earphone တွေမှာ Stereo Speaker နဲ့ နားထောင်တာထက် ပိုကောင်းမွန်တဲ့ Surround Sound အသံထွက်ကို ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါဟာ အစောပိုင်းတုန်းက Apple ကနေ Apple Device တွေနဲ့ AirPods တွေအတွက် ထုတ်ပေးလိုက်တဲ့ Spatial Audio နည်းပညာနဲ့ အလုပ်လုပ်ပုံခြင်းတူညီမှာဖြစ်ပါတယ်။

ဒါပေမယ့် Netflix ရဲ့ Spatial Audio နည်းပညာဟာ Apple Device တွေမှာပဲ အသုံးပြုနိုင်မှာမဟုတ်ဘဲ Android အပြင် တခြားသော Device တွေမှာလည်း အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ အခုလိုမျိုး ဆောင်ရွက်နိုင်ဖို့အတွက် Netflix ဟာ Sennheiser Audio ကုမ္ပဏီနဲ့ ပူးပေါင်းပြီး Sennheiser Ambeo Soundbar မှာ အသုံးပြုထားတဲ့ 3D Audio နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Netflix ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Spatial Audio ကို အသုံးပြုနိုင်ဖို့အတွက် သီးသန့် Device ကန့်သတ်ချက်တွေရှိမှာမဟုတ်ဘဲ Processing ပြုလုပ်မှုတွေအကုန်လုံးကို Netflix App အတွင်းမှာပဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Apple Device တွေအတွက်ကတော့ လက်ရှိ Apple Spatial Audio ကို အသုံးပြုနိုင်တဲ့ Apple Device တွေနဲ့ AirPods တွေ၊ Beats Audio Product တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Netflix မှာ Spatial Audio ကို ထောက်ပံ့ပေးနိုင်တဲ့ ရုပ်ရှင်နဲ့ Series တွေဟာ အရေအတွက်နည်းပါးနေသေးပြီးတော့ App အတွင်းမှာ Spatial Audio လို့ ရိုက်ရှာလိုက်တာနဲ့ လက်ရှိအချိန်မှာ Support ပြုလုပ်ပြီဖြစ်တဲ့ Content တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref – GSM Arena