Google ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Pixel ဖုန်းတွေအတွက် Android 11 Stable Update ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခုလည်း Google ကနေ Budget Entry စမတ်ဖုန်းတွေအတွက် Android Go OS ကို Android 11 Go Edition ဆိုပြီး Update ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

လက်ရှိအချိန်မှာ Android Go စမတ်ဖုန်းတွေကို Nokia နဲ့ Xiaomi လိုမျိုး ကုမ္ပဏီတွေက အဓိကထုတ်လုပ်နေပြီး စွမ်းဆောင်ရည်နိမ့်တဲ့ Device တွေအတွက် အဓိကရည်ရွယ်ထားတဲ့ OS တစ်ခုလည်းဖြစ်ပါတယ်။ အခု Android Go 11 Edition မှာဆိုရင် ပုံမှန် Android 11 ရဲ့ Feature အသစ်တချို့ပါ ပါဝင်လာတာကိုတွေ့ရပါတယ်။

အဓိကပြောင်းလဲမှုအနေနဲ့ကတော့ Android 11 Go Edition မှာ Navigation Button တွေအစား Gesture-based Navigation ကို ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ ဒါက Display Size ကြီးမားတဲ့ဖုန်းတွေမှာ ပိုပြီးသိသိသာသာအားသာချက်ဖြစ်လာမှာပါ။ နောက်ပြီး Notification နဲ့ Security ပိုင်းကိုလည်း အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Android 11 Go Edition ဟာ ယခင်ကထက် App Launching Speed ကို ၂၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ RAM 2GB အောက်စမတ်ဖုန်းတွေအကုန်လုံးကိုလည်း Support ပေးလာပြီလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Android Go စမတ်ဖုန်းတွေဟာ စျေးကွက်ထဲမှာ နည်းသေးတယ်ဆိုပေမယ့်လည်း အခုလိုမျိုး Google ကနေ Update ပုံမှန်လုပ်ပေးနေတာကတော့ အားရဖို့ကောင်းပါတယ်။

Ref – Android Authority