ရင်းနှီးမြှပ်နှံသူတွေဟာ NFT ဈေးကွက်ကို အာရုံစိုက်လာကြပြီး သုတေသနစစ်တမ်း အသစ် ၁ ခုက လက်ရှိ ဒေါ်လာ ၃ ဘီလီယမ်တန်ကြေးရှိတဲ့ NFT ဈေးကွက်ဟာ ၂၀၂၇ ခုနှစ်အကုန်မှာ ဒေါ်လာ ၁၃.၆ ဘီလီယမ် အထိ တန်ကြေးရှိလာမယ်လို့ ပြောပါတယ်။

နောက် ၅ နှစ်အတွင်းမှာ နာမည်ကျော်ကြား လူသိများသူတွေနဲ့ ဂိမ်း နယ်ပယ်မှာ NFT တွေ ပါဝင်ပတ်သက်မှု မြင့်မားလာမှာ ဖြစ်ပြီး NFT  ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေကို ဝယ်လိုအားများပြားလာမှာ ဖြစ်ပါတယ်။ MarketsandMarkets သုတေသန အဖွဲ့အစည်းက Supply Chain Management ၊ အရောင်းဆိုင်နဲ့ ဖက်ရှင် နယ်ပယ်တွေကြောင့်လည်း NFT ဈေးကွက် ပိုမိုကြီးမားလာမယ်လို့ ပြောပါတယ်။

NFT market well-positioned to grow 35% into a $13.6B industry by 2027. - MetaNewsLk

နာမည်ကြီး လူမှုကွန်ရက်ကို တည်ထောင်ထားတဲ့ Meta ရဲ့ Metaverse စီမံကိန်းကြောင့်လည်း NFT နယ်ပယ်ဟာ ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်မှာ NFT ကို Google Search မှာ ရှာဖွေမှု မြင့်တက်နေပြီး အဲဒီ ဒေသက ရင်းနှီးမြှပ်နှံသူတွေဟာ NFT နယ်ပယ်ကို မျက်စိကျလာတာ ဖြစ်ပါတယ်။ ဟောင်ကောင်၊ စင်ကာပူနဲ့ တရုတ်မှာ NFT တွေကို အွန်လိုင်းမှာ ရှာဖွေမှု မြင့်မားလာတယ်လို့ သိရပါတယ်။

ရင်းနှီးမြှပ်နှံသူတွေဟာ NFT ဈေးကွက် ပလက်ဖောင်းတွေမှာ NFT တွေကို အရောင်းအဝယ်ပြုလုပ်မှု မြင့်မားလာကြပါတယ်။ အဲဒီ ဈေးကွက်ကို လက်ရှိမှာ ဦးဆောင်နေတာက OpenSea ဖြစ်ပြီး Coinbase နဲ့ Binance တို့ကလည်း အလားတူ ဝန်ဆောင်မှုတွေကို ပြုလုပ်လာကြပါတယ်။

Ref : cointelegraph