NFT တွေကို ဝယ်ယူနိုင်တဲ့ Marketplace တွေဟာ လက်ရှိအချိန်မှာ အများအပြားရှိနေပြီဆိုပေမယ့် အခုအချိန်အထိ OpenSea NFT Marketplace ဟာ အကြီးမားဆုံးဖြစ်နေဆဲဖြစ်ပါတယ်။ ဒီလိုမျိုး အကြီးမားဆုံး NFT Marketplace တစ်ခုဖြစ်ပေမယ့် အခုအချိန်မှာ Cryptocurrency စျေးနှုန်းတွေကျဆင်းပြီး NFT အရောင်းအဝယ်တွေနည်းပါးလာတာကြောင့် OpenSea ကနေ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကိုပါ လျော့ချလိုက်ရပြီဖြစ်ပါတယ်။

အခုသတင်းကိုတော့ OpenSea ကုမ္ပဏီကိုယ်တိုင်ကနေ ပြောကြားခဲ့တာဖြစ်ပြီး ဝန်ထမ်းအရေအတွက် ဘယ်လောက်ကို လျော့ချခဲ့လဲဆိုတာကို အတိအကျဖော်ပြခဲ့ခြင်းမရှိပေမယ့် ကုမ္ပဏီဝန်ထမ်းစုစုပေါင်း ၂၀ ရာခိုင်နှုန်းခန့်ကို လျော့ချခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် အခုလိုမျိုး လျော့ချခဲ့သလဲဆိုတာအတွက် တရားဝင်ဖြေရှင်းခြင်းကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

အဲ့ဒီအစား OpenSea ရဲ့ Chief Executive အဖြစ်တာဝန်ယူထားတဲ့ Devin Finzer ကနေ Twitter စာမျက်နှာပေါ်မှာ အခုလိုမျိုး ကြုံတွေ့နေရတာဟာ Cryptocurrency ပိုင်းမှာ လှုပ်ရှားမှုမရှိတော့တာကြောင့်အပြင် စီးပွားရေးပိုင်းအရ မတည်ငြိမ်မှုတွေကြောင့်ဖြစ်ပြီး ကုမ္ပဏီအနေနဲ့ အခုလိုမျိုး ကျဆင်းမှုတွေကို ရေရှည်ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ရေးသားထားခဲ့ပါတယ်။

OpenSea ဟာ ယခုနှစ် အစောပိုင်း ဇန်နဝါရီလတုန်းက ရောင်းဝယ်မှုအနေနဲ့ ဒေါ်လာ ၅ ဘီလီယံနီးပါးအထိရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန်လမှာတော့ ဒေါ်လာ သန်း ၇၀၀ အထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ခန့်မှန်းချက်တွေအရလည်း အဆိုပါ ရောင်းဝယ်မှုတွေဟာ ဆက်လက်ကျဆင်းသွားဦးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Cryptocurrency Exchange ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Coinbase ကလည်း ဝန်ထမ်းပေါင်း ၁,၁၀၀ ဝန်းကျင် သို့မဟုတ် ကုမ္ပဏီရဲ့ ဝန်ထမ်း ၁၈ ရာခိုင်နှုန်းကို လျော့ချခဲ့ပါသေးတယ်။

Ref – Reuters