Nikon လို့ ဆိုလိုက်တာနဲ့ DSLR Camera စျေးကွက်မှာ နာမည်ကြီး ကုမ္ပဏီတစ်ခုဆိုပြီး တန်းသိကြမှာပါ။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Nikon ကနေ DSLR Camera (Single Lens Reflex Camera) တွေစျေးကွက်ကနေ ရပ်ဆိုင်းလိုက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

အခုသတင်းကိုတော့ Nikkei Media ကနေ ဖော်ပြခဲ့တာဖြစ်ပြီး အခုလိုမျိုး Nikon အနေနဲ့ ဆုံးဖြတ်လိုက်ရတာဟာ လက်ရှိ Camera စျေးကွက်က Mirrorless Camera တွေဘက်ကိုပဲ ဦးတည်သွားနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Nikon ဟာ လက်ရှိရောင်းချနေဆဲဖြစ်တဲ့ DSLR Camera တွေကိုတော့ ဆက်လက်ထုတ်လုပ်မှုတွေ ဆောင်ရွက်နေဦးမှာဖြစ်ပြီး Service ပိုင်းကိုလည်း ဆက်လက်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Camera အသစ်တွေ မိတ်ဆက်တဲ့အချိန်မှာတော့ DSLR Camera တွေကို မိတ်ဆက်သွားတော့မှာမဟုတ်ဘဲ ပိုမိုသေးငယ်ပေါ့ပါးပြီး စွမ်းဆောင်ရည်ပိုကောင်းမွန်တဲ့ Mirrorless Camera တွေကိုပဲ အသစ်ထုတ်လုပ်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ Nikon ရဲ့ DSLR Camera တွေဟာ သက်တမ်း နှစ် ၆၀ ကျော် ရှိနေခဲ့ပြီဖြစ်သလို ဓါတ်ပုံဆရာတွေအများအပြားရဲ့ အကြိုက်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

Nikon ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း စျေးနှုန်းသက်သာတဲ့ DSLR Camera တွေဖြစ်တဲ့ D3500 နဲ့ D5600 Camera တွေကို ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး အဲ့ဒီအစား Nikon Z30 လိုမျိုး Mirrorless Camera အသစ်တွေကိုပဲ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Nikon ရဲ့ ပြောကြားချက်အရတော့ နောက်ပိုင်းမှာ Mid Range နဲ့ High End Camera စျေးကွက်ကိုပဲ ပိုမိုအာရုံစိုက်သွားမှာဖြစ်ပြီး Video ပိုင်းကလည်း နောက်ပိုင်း Camera တွေအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Nikon ကနေ DSLR Camera ပေါင်း ၄ သိန်းကျော်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ Nikon လိုမျိုးပဲ နာမည်ကြီး Camera ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Canon ကလည်း ပြီးခဲ့တဲ့နှစ်တုန်းက EOS-1D X Mark III ဟာ နောက်ဆုံးသော Flagship DSLR Camera ဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါသေးတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ DSLR Camera စျေးကွက်ဟာ ပျောက်ကွယ်သွားနိုင်ပြီး Mirrorless Camera တွေပဲ အစားထိုးဝင်ရောက်လာတော့မှာဖြစ်ပါတယ်။

Ref – The Verge