Google ရဲ့ Android One program ဟာ နှစ်သက်စရာ အားသာချက်အချို့နဲ့အတူ ရှေ့ဆက်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီ Program ဟာ “Pure” Android ကို ထောက်ပံ့ပေးရုံသာမကဘဲ၊ Update တွေ ကာလကြာရှည် ထောက်ပံ့မှုပေးသလို ဗားရှင်း Update ကလည်း လျှင်မြန်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ Program တစ်ခုလုံးအနေနဲ့ လုံးဝ အောင်မြင်မှုရနေတာတော့ မဟုတ်ပါဘူး။

အခုတော့ Android One (8.0 Oreo) နဲ့စတင်ခဲ့တဲ့ Nokia 3.1 ဟာ Android 10 Update ကို စတင်ရယူနေတာကို တွေ့မြင်ရပါတယ်။ ဒီဗားရှင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းက ထွက်လာခဲ့တဲ့ Android 11 မဟုတ်ပါဘူး။ တစ်နှစ်ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ Android 10 ပါ။

ဒီတော့ မေးစရာရှိလာတာက Google ရဲ့ ရှုပ်ထွေးတဲ့ လမ်းစဉ်တွေဟာ ဘယ်အချိန်မှာ ရှင်းလင်းပြီး၊ မှန်ကန်တဲ့ ဦးတည်ချက်ဆီ ရောက်သွားမလဲဆိုတာပါပဲ။ ဒါဟာ Android One သုံးစွဲသူတိုင်းလည်း မေးသင့်တဲ့ မေးခွန်းဖြစ်လာပါပြီ။ ပုံမှန်ဆိုရင် သာမန် Android OS တွေထက် Android One OS အသုံးပြု ဖုန်းတွေက Update အပိုင်းမှာ ပိုပြီးမြန်ဆန်ရမှာ ဖြစ်ပါတယ်။

အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ ဂျော်ဂျီယာ၊ အိန္ဒိယ၊ ကာဇက်စတန်၊ လာအို၊ မလေးရှား၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ နီပေါ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ တူနီးရှား၊ ယူကရိန်း၊ ဥဇဘက်ကစ္စတန် နဲ့ ဗီယက်နမ်မှာရှိတဲ့ Nokia 3.1 ပိုင်ရှင်တွေကတော့ Android 10 Update ရယူနိုင်တဲ့ ပထမအသုတ်ထဲမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဈေးကွက်ထဲက ယူနစ်တွေရဲ့ ၁၀% ကပဲ Notification ကို ရရှိဦးမှာဖြစ်ပြီး၊ လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေဆိုရင်တော့ ၅၀% အထိ ဖြစ်လာမယ်လို့ ဆိုပါတယ်။ အခြားနိုင်ငံတွေမှာလည်း ရနိုင်မရနိုင် မသိရသေးပေမယ့် မကြာခင်မှာ ကမ္ဘာအနှံ့ကဈေးကွက်တွေအားလုံးလည်း ရရှိမယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena