ကိုရိုနာဗိုင်းရပ်စ်ရန်ကြောင့် MWC 2020 ပွဲတော်ကို တက်ရောက်မယ့် နည်းပညာကုမ္ပဏီတွေ အစီအစဉ်ဖျက်ကာ နောက်ဆုတ်ကုန်ကြတဲ့အတွက် ပွဲတော်ကို ရွှေ့ဆိုင်းရမယ့်အရေး ကြုံတွေ့နေရတယ်လို့ သတင်းထွက်လာပြီး သိပ်မကြာခင်မှာပဲ နောက်ထပ်ကုမ္ပဏီနှစ်ခုကပါ ထပ်မံနောက်ဆုတ်သွားခဲ့ပါတယ်။

Nokia နဲ့ HMD Global တို့ဟာ သီးသန့် Press ထုတ်ပြန်ခဲ့ကြပြီး အကြောင်းပြချက်ကိုလည်း ကိုရိုနာဗိုင်းရပ်စ် (အမည်သစ် Covid-19) ရဲ့ပြန့်ပွားမှုကြောင့် ဒီပွဲကို တက်ရောက်ရမယ့် ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့အတွက် အခုလိုပယ်ဖျက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

HMD Global ကတော့ ဒီပွဲတော်ဟာ သူတို့ရဲ့ထုတ်ကုန်သစ်တွေကို မိတ်ဆက်ဖို့ အဓိကစင်မြင့်ဖြစ်သော်လည်း ဝန်ထမ်းတွေ၊ ပရိသတ်တွေရဲ့ ကျန်းမာရေးကသာ ကုမ္ပဏီရဲ့ အမြင့်ဆုံးဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။ လာမယ့် Nokia ဟန်းဆက်အသစ်တွေကို မိတ်ဆက်ဖို့ ရက်စွဲအသစ်ထုတ်ပြန်သွားမှာပါ။

Nokia ရဲ့ မီဒီယာထုတ်ပြန်ချက်ထဲမှာလည်း ပြောကြားချက်တွေက အတူတူပါပဲ။ ဒီပွဲမှာ ပါဝင်ဖို့အတွက် အားလုံးနဲ့ အတူ စိတ်လှုပ်ရှားပေမယ့် အခြေအနေအရ ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်ရကြောင်း ဖော်ပြခဲ့ပါတယ်။ MWC 2020 ပွဲမှာ မိတ်ဆက်မယ့်အစား ထုတ်ကုန်သစ်တွေကို Live Event စီးရီးတွေနဲ့ သုံးစွဲသူများရှေ့မှောက် တိုက်ရိုက်မိတ်ဆက်လာမယ်လို့ ဆိုလိုက်ပြန်ပါတယ်။

သူတို့လိုပဲ စမတ်ဖုန်းကုမ္ပဏီအချို့ကလည်း သူတို့ရဲ့ထုတ်ကုန်သစ်တွေကို လတ်တလောမှာ အွန်လိုင်းကနေပဲ Live ထုတ်လွှင့်ပြီး မိတ်ဆက်ဖို့ အစီအစဉ်ပြောင်းခဲ့ကြရပါတယ်။ HMD Global နဲ့ Nokia တို့ဟာ Sony, Vivo, TCL, Ulefone နဲ့ အခြားကုမ္ပဏီများစွာတို့နဲ့အတူ MWC ပွဲတော်တက်ရောက်ဖို့ကို ဖျက်သိမ်းခဲ့တဲ့ စာရင်းထဲ ပါဝင်ခဲ့ပြီဖြစ်ပါတယ်။

Ref – GSM Arena