Nokia ကနေ အခုနောက်ပိုင်း စမတ်ဖုန်းအသစ်တွေကို အများအပြားထုတ်လုပ်လာရာကနေ အခုအချိန်မှာလည်း ယခင်တုန်းက နာမည်ကြီးခဲ့တဲ့ Nokia X Series စမတ်ဖုန်းတွေရဲ့ နာမည်ကိုပဲ ပြန်ယူထားတဲ့ Nokia X6 စမတ်ဖုန်းကို မကြာခင် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။

အခု Nokia X6 စမတ်ဖုန်းက ဒီဇိုင်းအရ အခုအချိန်အထိ ထွက်ရှိထားတဲ့ Nokia စမတ်ဖုန်းတွေအားလုံးနဲ့ ကွာခြားသွားမှာဖြစ်ပြီး အဓိကကတော့ Display မှာ Notch ပါဝင်လာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခု Nokia X6 စမတ်ဖုန်းဟာ ရုတ်တရက်ကြည့်လိုက်ရင် Display တစ်ခုပဲမြင်နေရမှာဖြစ်ပြီးတော့ ဘေးဘောင်တွေက ပျောက်နေသလိုဖြစ်နေမှာပါ။ Display ရဲ့ အောက်ဖက်မှာ Nokia နာမည်ကိုတော့ ရေးထိုးထားတာကိုလည်း တွေ့ရပါတယ်။

ဖုန်းရဲ့ အနောက်ဖက်ပိုင်းမှာတော့ Nokia X6 စမတ်ဖုန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ထွက်ရှိထားခဲ့တဲ့ Nokia 7 Plus စမတ်ဖုန်းနဲ့ တူညီပြီးတော့ Dual Camera စနစ်အပြင် Fingerprint Scanner ကိုပါတပ်ဆင်ထားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကင်မရာတွေက ဘယ်လောက် Megapixels ရှိသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

အခု Nokia ရဲ့ ပထမဆုံးအနေနဲ့ Display မှာ Notch ပါဝင်လာမယ့် Nokia X6 စမတ်ဖုန်းဟာ 5.8″ Display ကို အသုံးပြုထားတာဖြစ်ပြီးတော့ MediaTek Helio P60 Processor ကို RAM 4GB နဲ့ တွဲဖက်ထားမှာဖြစ်ပါတယ်။ အချို့ကလည်း အနည်းငယ်ဈေးပိုကြီးပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့ Qualcomm Snapdragon 636 Processor နဲ့ RAM 6GB Version ကိုလည်း ထပ်မံထုတ်လုပ်ဦးမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Nokia ကတော့ လက်ရှိ စမတ်ဖုန်းတွေရဲ့ Trend ကို အမှီလိုက်နိုင်နေပြီဆိုတာကို သက်သေပြလိုက်ပါပြီ။