HMD Global ဟာ အခုရက်ပိုင်းမှာတော့ Nokia အမှတ်တံဆိပ်ကို ပြန်လည်အသက်သွင်းဖို့ အားထုတ်ကြိုးစားမှုတွေကို ခပ်စိတ်စိတ်မတွေ့ရတော့ပေမယ့် Foldable ခေါင်းစဉ်အောက်က ပြန်လည်ထိုးဖောက်ဖို့ကိုတော့ အားလျော့သေးပုံမရပါဘူး။

အခုနှစ်အစောပိုင်းမှာ ကုမ္ပဏီဟာ Foldable စမတ်ဖုန်းတစ်လုံးကို ဖန်တီးနေပြီး ၂၀၂၀ နှောင်းပိုင်းမှာ မိတ်ဆက်လာနိုင်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ယနေ့မှာ နောက်ထပ်သတင်းရင်းမြစ်တစ်ခုကနေ Nokia Foldable စမတ်ဖုန်းပရောဂျက်ဟာ အသက်ရှိနေတုန်းပဲလို့ ထပ်မံအတည်ပြုလာခဲ့တာပါ။

Nokia Anew ဟာ Nokia ဖုန်းတွေနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ သတင်းတွေ ထုတ်ပြန်လေ့ရှိပြီး ဒီတစ်ခါမှာ ဖုန်းရဲ့တည်ရှိမှုကို ဖော်ပြခဲ့ပေမယ့် အခြား အချက်အလက်တွေတော့ မပါဝင်ခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့ Tweet ဟာ စမတ်ဖုန်းစစ်စစ်အတွက်လား၊ Moto Razr နဲ့ဆင်တူတဲ့ Clamshell စတိုင် Nokia 2720 Fold လို ပုံစံမျိုးလား ဆိုတာလည်း မသိနိုင်ပါဘူး။

Nokia ကိုယ်ပိုင် Foldable ဟန်းဆက်ကို မြင်ရဖို့ကတော့ အစောဆုံးနောက်နှစ်စလောက်မှ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ တကယ်လို့သာ အခြေအနေတွေတည်ငြိမ်သွားပြီး လူစုလူဝေးနဲ့ Event တွေ ပြန်ကျင်းပလို့ ရလာရင်တော့ MWC လို ပွဲမျိုးမှာ မြင်တွေ့လာရနိုင်ပါတယ်။ ဒီကြားထဲမှာ Nokia က Foldable အိုင်ဒီယာကို ပစ်ချခဲ့ပြီး 5G လို ရေစီးသစ်နောက်ကို လိုက်သွားတာလည်း ဖြစ်နိုင်ခြေရှိနေပါသေးတယ်။

Ref – GizmoChina