OnePlus က စွမ်းရည်သင့် Nord နဲ့ ကုမ္ပဏီရဲ့ ပထမဆုံး TWS နားကြပ် ဖြစ်တဲ့ OnePlus Buds ကို ပူပူနွေးနွေး ကြေညာထားပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ ထုတ်ကုန် ၂ ခုရဲ့ ပရိုမို ဗီဒီယိုတွေကို မျှဝေလိုက်ပြီး အဓိက လုပ်ဆောင်ချက်တွေကို ရှင်းပြထားပါတယ်။

OnePlus Nord ရဲ့ ဗီဒီယိုမှာ အရှေ့နဲ့ အနောက်ဘက်က ဖန်နဲ့ သတ္တု ပေါင်းစပ်ထားတဲ့ ဒီဇိုင်းကို အနီးကပ် လေ့လာနိုင်ပါတယ်။ OnePlus 8 မှာလို OIS ထောက်ပံ့တဲ့ 48MP Main ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး ဗီဒီယိုမှာ ကင်မရာရဲ့ Night Mode နဲ့ Stabilization ကို သရုပ်ပြသထားပါတယ်။

ဆဲလ်ဖီး ကင်မရာ ၂ လုံးထဲက 8MP Ultrawide ကင်မရာက ဆဲလ်ဖီး စတစ်တွေ မလိုတော့ဘဲ လူ ၆ ယောက်အထိ ရိုက်ကူးပေးနိုင်ပါတယ်။ Snapdragon 765G မောင်းနှင်ထားပြီး Warp Charge 30T ရဲ့ အားသွင်းစွမ်းရည်ကို ပြသထားပါတယ်။ Oxygen OS Software ရဲ့ အသုံးဝင်ပုံနဲ့ 90Hz AMOLED မျက်နှာပြင်တွေအကြောင်းကို ရှင်းပြထားပါတယ်။

OnePlus Buds ဗီဒီယိုမှာ ဘက်ထရီ သက်တမ်း နာရီ ၃၀ ခံတာကို ပြသထားပြီး လှပတဲ့ ဒီဇိုင်းနဲ့ အဖြူ၊ အနက် ၊ အပြာရောင်တွေကို မြင်ရပါတယ်။ ဖုန်းပြောနေချိန်မှာ ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖျောက်ပေးတဲ့ လုပ်ဆောင်ချက်ကိုလည်း ပြသထားပါတယ်။

Ref : gsmarena