OnePlus ဟာ အခုအချိန်မှာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ OnePlus Buds ၊ Buds Z နာမည်နဲ့ True Wireless Earbuds တွေကိုပါ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း မကြာခင်မှာ OnePlus ကနေ ပထမဆုံးသော Smartwatch ဖြစ်လာမယ့် OnePlus Watch ကို ထုတ်လုပ်လာတော့မှာပါ။

OnePlus အနေနဲ့ အဆိုပါ Watch ကို မိတ်ဆက်နိုင်ဖို့ဆောင်ရွက်နေတာ အချိန်အားဖြင့်တစ်နှစ်ကျော်ရှိပြီလို့ ယူဆရပြီးတော့ အခုအချိန်မှာတော့ မကြာခင်တရားဝင်မိတ်ဆက်လာဖို့ များနေပြီဖြစ်ပါတယ်။ Circular Display ကို အသုံးပြုလာမှာဖြစ်ပေမယ့် ဘယ်လိုမျိုးပုံစံဖြစ်လာမလဲဆိုတာကိုတော့ အခုထိ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း OnePlus Watch Cyberpunk Edition ရဲ့ လက်ပတ် ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ OnePlus Watch ဟာ Google ရဲ့ Wear OS ကို အသုံးပြုလာမှာမဟုတ်ဘူးလို့ သတင်းတွေထွက်ရှိလာပြီဖြစ်ပါတယ်။

ဒါက OnePlus လိုမျိုး ကုမ္ပဏီအတွက်ကတော့ ထူးဆန်းနေပြီးတော့ ကိုယ်ပိုင် OS ကိုပဲ အသုံးပြုလာမလား၊ ဒါမှမဟုတ် ဘယ်လိုမျိုး မိတ်ဆက်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကလည်း OPPO ကနေ OPPO Watch နာမည်နဲ့ Google Wear OS ကို အသုံးပြုထားတဲ့ Smartwatch ကို မိတ်ဆက်ခဲ့ပြီး အရည်အသွေးကောင်းမွန်တယ်ဆိုတဲ့ ချီးကျူးမှုတွေခံခဲ့ရတာလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာ Samsung Smartwatch တွေဟာ Tizen OS ကို အသုံးပြုနေတာဖြစ်ပြီး Huawei ရဲ့ Smartwatch တွေကလည်း ကိုယ်ပိုင် OS ကို အသုံးပြုနေတာဖြစ်တဲ့အတွက် OnePlus အနေနဲ့လည်း ကိုယ်ပိုင် OS အသစ်နဲ့ Smartwatch ကို ပွဲထုတ်လာဖို့ ပိုများနေပါတယ်။

Ref – 9to5Google