OPPO အနေဖြင့် ပရီမီယံထုတ်ကုန်များကိုအလေးထားထုတ်လုပ်လျက်ရှိသည့် ဂျာပန်နိုင်ငံဈေးကွက်သို့ ယခုနှစ်အစောပိုင်းတွင် တရားဝင်ကျနစွာဖြင့် ဝင်ရောက်သွားခဲ့ပြီဖြစ်သလို ၄င်းတို့၏ ထူးခြားကောင်းမွန်သည့် R11 Series ထုတ်ကုန်များကိုပါ စတင်ဝင်ရောက်သည့်အချိန်တွင် မိတ်ဆက်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ OPPO အနေဖြင့် ၂ဝ၁၇ မကုန်ခင်က ပင် ဂျပန်နိုင်ငံတွင် OPPO ရုံးခွဲကိုစတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ယိုကိုဟားမားတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာကို တည်ထောင်ခဲ့ကာ မိုဘိုင်းဓာတ်ပုံဆိုင်ရာနှင့် ပုံရိပ်ဆိုင်ရာနည်းပညာများကို စမ်းသပ်လေ့လာခြင်းနှင့် တိုးတက်ဖွံ့ဖြိုးစေရန် အလေးထားလုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

ယခုကဲ့သို့ OPPO အနေဖြင့် ဂျပန်မိုဘိုင်းဈေးကွက်သို့ဝင်ရောက်ခဲ့ခြင်းက ၄င်းတို့၏နည်းပညာနှင့်ထုတ်ကုန်အရည်အသွေးများပိုမိုကောင်းမွန်လာသည့်အချက်ကို သက်သေပြလိုက်ခြင်းဖြစ်သလို OPPO ၏ထူးခြားဆန်းသစ်သောထုတ်ကုန်များကိုလည်း ပရီမီယံအရည်အသွေးကိုတန်ဖိုးထားသည့်ဂျပန်သုံးစွဲသူများအနေ ဖြင့် ပိုမိုထိတွေ့အသုံးပြုနိုင်စေမည်ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့သည့်၂နှစ်တာကာလအတွင်း OPPO စမတ်ဖုန်းများမှာ Android အခြေပြု ရောင်းအားအကောင်းဆုံးထုတ်ကုန်များအဖြစ် ဆက်တိုက်ရပ်တည်နိုင်ခဲ့ပြီး ယခုအခါတွင် OPPO အနေဖြင့် ဂျပန်နှင့်ဥရောပဈေးကွက်များသို့ ၄င်းတို့၏ဈေးကွက်ချဲ့ထွင်မှုအစီအမံများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာခဲ့ကာ လက်ရှိအချိန်တွင် အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် သမုဒ္ဒရာပိုင်းဒေသများအပါအဝင် ဈေးကွက် ၃၁ခုကျော်ကို ဝင်ရောက်နေရာယူထားနိုင်ပြီဖြစ်ပါတယ်။

ထို့အပြင် ယခု ၂ဝ၁၈ အစောပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် 2018 Qualcomm Technology Day နှီးနှောဆွေးနွေးပွဲတွင် လည်း OPPO အနေဖြင့် 5G ကွန်ယက်ခေတ်တွင် မိုဘိုင်းနည်းပညာတီထွင်ဆန်းသစ်စေခြင်းကိုဦးတည်သည့်နည်းလမ်း များဖော်ထုတ်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် 5G Pioneer Initiative (5G ကွန်ယက် ရှေ့ပြေးဆန်းသစ်လုပ်ဆောင်ခြင်း) ကဏ္ဍတွင် Qualcomm Technologies အဖွဲ့အစည်းနှင့် ပူးတွဲလုပ်ဆောင်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့တယ်။

OPPO ၏ CEO ဖြစ်သူ Tony Chen က နှီးနှောဆွေးနွေးပွဲတွင် ကမ္ဘာ့မိုဘိုင်းနည်းပညာ၏အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်မှု များအကြောင်းကို ပါဝင်ဆွေးနွေးပေးခဲ့သည်။ “5G ကွန်ယက်စနစ်က ကမ္ဘာ့မိုဘိုင်းလုပ်ငန်းပုံစံကို ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေဟာ အင်တာနက်နဲ့ချိတ်ဆက်အသုံးပြုရတဲ့အရာတွေအတွက် ပင်မအုပ်မြစ်ဖြစ်လာပါလိမ့်မယ်။ OPPO အနေနဲ့က 5G နဲ့ဆက်စပ်တဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးအပိုင်းအတွက် ကောင်းမွန်တဲ့အခြေခံတွေချမှတ်ပေးထားတဲ့ နည်းပညတီထွင်ဆန်းသစ်မှုတွေကို အလေးပေးလုပ်ဆောင်နေတာဖြစ်ပါတယ်။ အနာဂတ်မှာလည်း OPPO အနေနဲ့ 5G စနစ်နဲ့ AI (အသိဉာဏ်တု) နည်းပညာတွေလိုမျိုး ဆန်းသစ်တဲ့နည်းပညာတွေမှာ ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ဒီနည်းပညာတွေကို သုံးစွဲသူတွေရဲ့အဓိကလိုအပ်ချက်အပေါ်အခြေခံကာ ထုတ်ကုန်တွေမှာထည့်သွင်းအသုံးပြုသွားမှာဖြစ်ပါတယ်” ဟု Tony Chen ကပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

OPPO အနေဖြင့် တစ်ကမ္ဘာလုံးရှိသုံးစွဲသူများအတွက် တကယ့်ကိုအံ့အားသင့်ဖွယ်ကောင်းစေမည့် 5G ကွန်ယက်ထိတွေ့သုံးစွဲမှုမျိုး ပေးစွမ်းနိုင်စေရန် 5G မိုဘိုင်းဖုန်းများကို လာမည့် ၂ဝ၁၉တွင်စတင်မိတ်ဆက်ပေးရန်စီစဉ်လုပ်ဆောင်လျက်ရှိသည်။