OPPO ဟာ လာမယ့်မတ်လ ၂ရက်နေ့မှာ OPPO Reno3 Pro ကို အိန္ဒိယဈေးကွက်တွင်း မိတ်ဆက်ဖို့ ပြင်ဆင်ပြီးသားဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ မိတ်ဆက်မယ့် Reno3 Pro က ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက တရုတ်ပြည်တွင်းဈေးကွက်မှာ ကြေညာခဲ့တဲ့ Reno3 Pro နဲ့ အနည်းငယ်ကွာခြားမှုရှိတာကို တွေ့လိုက်ရပါတယ်။

အိန္ဒိယဈေးကွက်အတွက် အမျိုးအစားမတူတဲ့ Reno3 Pro ဟာ Dual-selfie ကင်မရာနဲ့ဖြစ်ပါတယ်။ ကင်မရာနှစ်လုံးအနက် အဓိကကင်မရာက 44MP ဖြစ်ပြီး ဒုတိယတစ်လုံးကတော့ Depth sensor unit နဲ့ဖြစ်တာကို တွေ့ရပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဦးဆုံး 44MP Dual Punch-hole camera ဖြစ်တယ်လို့ OPPO က ကြော်ငြာထားပါတယ်။

OPPO အနေနဲ့ အိန္ဒိယမှာဖြန့်ချိမယ့် Reno3 Pro အကြောင်း အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပေမယ့် ပေါက်ကြားထွက်ပေါ်လာတဲ့ Dummy unit တွေကတစ်ဆင့် အချက်အလက်အချို့ကို သိလိုက်ရပြီဖြစ်ပါတယ်။ Reno3 Pro ဟာ ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ပေးထားတာကို တွေ့မြင်ရပါတယ်။

Reno3 Pro ဟာ ကျောဘက်မှာ 64MP အဓိကကင်မရာကို တပ်ဆင်ထားမှာဖြစ်တဲ့အတွက် တရုတ်ပြည်ဈေးကွက်ထဲမိတ်ဆက်တဲ့ 48MP နဲ့အမျိုးအစားထက် ပိုပြီး အဆင့်မြင့်တယ်လို့ ဆိုနိုင်ပါတယ်။ အခြားအချက်အလက်တွေအဖြစ် 30W VOOC Flash Charge 4.0 ထောက်ပံ့ပေးထားပြီး 8GB of RAM နဲ့ 128GB သိုလှောင်မှုပမာဏကို တွဲပေးထားပါတယ်။ မန်မိုရီပမာဏကတော့ အခြားရွေးချယ်စရာတွေ ရှိဦးမယ်လို့ မျှော်လင့်ရပါတယ်။

ကျန်တဲ့အစိတ်အပိုင်းတွေကတော့ တရုတ်ပြည်ဈေးကွက်မှာ ကြေညာသွားတဲ့ Reno3 Pro နဲ့အတူတူပါပဲ။ ဒါပေမယ့် Chipset ပိုင်းတော့ အပြောင်းအလဲ မြင်ရနိုင်ပါတယ်။ အပြောင်းအလဲတွေလုပ်ထားတဲ့ အိန္ဒိယဈေးကွက်အတွက် Reno3 Pro ကို Amazon.in နဲ့ Flipkart တို့ကတစ်ဆင့် ရောင်းချမှာဖြစ်ပေမယ့် ဈေးနှုန်းဘယ် လောက်ဖြစ်မလဲဆိုတာ မသိရသေးပါဘူး။

Ref: GSM Arena