နာမည်ကြီး Rapper တစ်ဦးလည်းဖြစ် အော်စကာဆုလည်း ရရှိထားတဲ့ Eminem ဟာ NFT တွေကိုလည်း စိတ်ဝင်စားပုံရပါတယ်။ ဘာကြောင့်လဲဆိုရင် Eminem ကနေ လောလောဆယ်မှာ တန်ဖိုးမြင့်မားပြီး အောင်မြင်နေတဲ့ NFT Collection ဖြစ်တဲ့ Bored Ape Yacht (BAYC) ထဲက NFT တစ်ခုကို ဝယ်ယူခဲ့တာပါ။

Eminem ဟာ အဆိုပါ Bored Ape Yacht Club NFT ကို စျေးကွက်ထဲမှာ အကြီးမားဆုံး NFT Marketplace ဖြစ်တဲ့ OpenSea ကနေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ တန်ကြေးအနေနဲ့ 123.45 Ether ဖြစ်တာကြောင့် ဒေါ်လာ ၄၆၂,၀၀၀ နီးပါးပေးပြီး ဝယ်ယူခဲ့တာပါ။

အခုအချိန်မှာတော့ Eminem ဟာ သူ့ရဲ့ Twitter Profile မှာ အဆိုပါ Hip Hop အဝတ်အစားဝတ်ထားပြီး အညိုရောင်စစ်သားဦးထုပ်ဆောင်းထားတဲ့ NFT ကို ပြောင်းလဲထားပြီးဖြစ်ပါတယ်။ ယခင်တုန်းကလည်း Eminem ကနေ Shady_Holdings ဆိုတဲ့ နာမည်နဲ့ NFT အခု ၂၀ ခန့်ကို OpenSea Marketplace ကနေပဲ ဝယ်ယူခဲ့ဖူးပါတယ်။

Eminem ကို ရောင်းချခဲ့တဲ့ NFT ရဲ့ ပိုင်ရှင် BAYC Member ဖြစ်တဲ့ GeeGazza ကတော့ အခုလိုမျိုး Eminem က ဝယ်ယူသွားခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသေးတယ်။ အဆိုပါ Bored Ape Yacht Club NFT တွေဟာ လက်ရှိအချိန်မှာ အရောင်းရဆုံး NFT Collection တွေဖြစ်ပြီး OpenSea စုစုပေါင်း တန်ကြေး ဒေါ်လာ ၁၀ ဘီလီယံပြည့်အောင် ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

Ref – Coin Desk