Google Pixel 6 Series ဖုန်းတွေဟာ Google အတွက် ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုပြီး မိတ်ဆက်ထားတဲ့ဖုန်းတွေဖြစ်ပါတယ်။ Design ပိုင်းတွေ၊ Camera ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းလည်း Pixel 6 ဖုန်းတွေဟာ တော်တော်လေးကို အကောင်းဘက်ကနေ ချီးကျူးခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Pixel 6 ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ အသုံးပြုလာတဲ့ Under-Display Fingerprint Sensor နဲ့ပတ်သက်ပြီး တခြားသော စမတ်ဖုန်းတွေထက် နှေးကွေးတယ်ဆိုပြီး ဝေဖန်မှုတွေခံခဲ့ရပါတယ်။ အထူးသဖြင့် အစောပိုင်းတုန်းက Google ကနေ အခုလိုမျိုး နှေးတာက လုံခြုံရေးပိုင်းအတွက်ဖြစ်တာကြောင့် ပုံမှန်ပဲဖြစ်တယ်လို့ ပြောကြားပြီးနောက်ပိုင်းမှာ ပိုဆိုးလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အခုဆိုရင် Google ကနေ Pixel 6 Series ဖုန်းတွေအတွက် November Security Patch Update ကို ထုတ်ပေးလိုက်ပြီး Fingerprint Sensor နှေးကွေးနေတာကိုပါ ပြင်ဆင်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Update ရဲ့ Build Number ဟာ SD1A.210817.037 နဲ့ SD1A.210817.037.A1 ဖြစ်ပြီး File Size အနေနဲ့ 15MB ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။

အခုလိုမျိုး Update ကို ပုံမှန်ထုတ်ပေးနေကြအချိန်မဟုတ်ဘဲ ကြားထဲမှာ ထုတ်ပေးလိုက်တာက Google အနေနဲ့ Pixel 6 Series ဖုန်းတွေရဲ့ Fingerprint Sensor ဟာ ပုံမှန်ထက် နှေးနေတာမှန်ကန်ကြောင်း အသိအမှတ်ပြုလုိက်တာဖြစ်တယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် လာမယ့် ဒီဇင်ဘာလအစပိုင်းမှာ Major Feature Update တွေပါဝင်တဲ့ December Security Patch ကိုပါ ရရှိဦးမှာဖြစ်ပါတယ်။

Google ဟာ ကိုယ်တိုင်က Android ကို ထုတ်လုပ်နေတဲ့ Software ကုမ္ပဏီဖြစ်တာကြောင့် လက်ရှိ Pixel 6 Series မှာ ကြုံတွေ့နေရတဲ့ Software ပြဿနာတွေကိုလည်း Update တွေထုတ်ပေးပြီး ဖြေရှင်းပေးသွားမယ်လို့ ယူဆရပါတယ်။

Ref – 9to5Google