အိန္ဒိယရဲ့ အီလက်ထရောနစ်နဲ့အိုင်တီ ဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက တရုတ်မိုလ်ဘိုင်းအက်ပလီကေးရှင်း ၁၁၈ ခုကို ပိတ်ပင်ခဲ့ပါတယ်။ ကနဦးပိတ်ခဲ့တဲ့ ၅၉ ခုနဲ့ပေါင်းလိုက်ရင် ၁၇၇ ခုအထိ ဖြစ်လာပါတယ်။ ဒီအထဲမှာ နာမည်ကျော် PUBG လည်း ပါဝင်ပါတယ်။

PUBG ကော်ပိုရေးရှင်း အနေနဲ့ သူတို့ရဲ့ဂိမ်းကို အိန္ဒိယဈေးကွက်ထဲမှာ ဆက်ပြီးတည်ရှိနေအောင်ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ လက်လျှော့လိုက်ရပြီဖြစ်ပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုတွေအားလုံးကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းနဲ့ အသုံးပြုသူတွေအနေနဲ့လည်း ဝင်ရောက်နိုင်တော့မှာမဟုတ်ကြောင်း တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

PUBG Mobile Nordic Map: Livik နဲ့ PUBG Mobile Lite တို့ဟာ အောက်တိုဘာလ ၃၀ ရက်နေ့ကစတင်ပြီး ရပ်တန့်သွားပြီလည်း ဖြစ်ပါတယ်။ Tencent Game အနေနဲ့ အိန္ဒိယမှာ လုပ်ပိုင်ခွင့်မရှိတော့ဘဲ PUBG Mobile အမှတ်တံဆိပ်ရဲ့ ဉာဏမူပိုင်ခွင့်နဲ့ အခွင့်အရေးတွေကိုလည်း မူလပိုင်ရှင်ဆီ ပြန်လည်အပ်နှံလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့အချက်အလက်တွေကို ဖျက်သိမ်းမှာလား၊ ဒါမှမဟုတ် ထိန်းသိမ်းထားမှာလား ဆိုတာနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ပါဘူး။

အိန္ဒိယမှာ PUBG ဒီတစ်ကြိမ်အပိတ်ခံရတာဟာ ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။ ကနဦးတုန်းက အိန္ဒိယကစားသမားတွေကို တစ်ရက်မှာ ၆ နာရီပဲကစားခွင့်ပြုခဲ့ပါတယ်။ ဒုတိယအကြိမ်ကတော့ နှစ်နိုင်ငံနယ်စပ်ပြဿနာ ဖြစ်ပွားမှုအပြီး တရုတ်မိုလ်ဘိုင်းအက်ပလီကေးရှင်းတွေပိတ်ပင်တဲ့ထဲမှာ ပါဝင်သွားပြီး အခုလိုအဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena