Realme ဟာ သူတို့ရဲ့စမတ်ဖုန်းသစ် Narzo 10 နဲ့ Narzo 10A တို့ကို အိန္ဒိယမှာ မတ်လ ၂၆ ရက်နေ့က မိတ်ဆက်ဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်ရောဂါပြန့်ပွားမှုကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။ ယနေ့မှာ Realme ကုမ္ပဏီက Narzo 10 စမတ်ဖုန်းသစ်တွေကို ဧပြီလ ၂၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုပေးလိုက်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့ဟာ အိန္ဒိယနိုင်ငံတစ်ခုလုံးကို Lockdown ချထားပြီးနောက် စားသောက်ကုန်လို မရှိမဖြစ်လုပ်ငန်းတွေမဟုတ်တဲ့ သာမာန်လုပ်ငန်းတွေပါ အပြည့်အဝပြန်လည်ပတ်နိုင်ဖို့ သတ်မှတ်ပေးထားတဲ့ ရက်စွဲရဲ့ နောက်တစ်ရက်ဖြစ်ပါတယ်။ အိန္ဒိယဟာ ကိုဗစ်ရောဂါကိုတားဆီးဖို့ မတ်လ ၂၄ ရက်နေ့မှာ Lockdown ချခဲ့ပြီး မူလက ဧပြီ ၁၄ ရက်နေ့ထိသာဖြစ်ပေမယ့် အခုတော့ အခြေအနေအရ မေ ၃ ရက်နေ့ထိ တိုးမြှင့်ထားပါတယ်။

Realme လိုပဲ ရွှေ့ဆိုင်းခဲ့ရတာတော့ Vivo နဲ့ Xiaomi တို့ဖြစ်ပြီး Vivo ဟာ V19 စမတ်ဖုန်းကို အိန္ဒိယမှာ မတ်လ ၂၆ ထဲက မိတ်ဆက်ဖို့သတ်မှတ်ထားခဲ့သလို Xiaomi Mi 10 ကလည်း မတ်လ ၃၁ ရက်နေ့မှာ အိန္ဒိယဈေးကွက်ကို ဝင်ရောက်ဖို့ ဖြစ်ပေမယ့် အသီးသီးရွှေ့ဆိုင်းခဲ့ရပါတယ်။

ဧပြီလ ၂၀ ရက်နေ့မှာ မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီတွေ ပြန်လည် လည်ပတ်နိုင်မှာဖြစ်တာကြောင့် Vivo V19 နဲ့ Xiaomi Mi 10 တို့ကိုလည်း အိန္ဒိယမှာ မကြာခင်မိတ်ဆက်လာမယ့်ပုံပါပဲ။ ကြေညာပြီးသား OnePlus 8 စီးရီးကိုလည်း စတင်ရောင်းချလာမယ်လို့ ယူဆရပါတယ်။

Realme Narzo 10 ဟာ အမှတ်တံဆိပ်သစ်အဖြစ် ပွဲထုတ်လာပေမယ့် Realme 6i ကို အမည်ပြောင်းလဲထားတဲ့ ဟန်းဆက်ဖြစ်တယ်လို့ သတင်းထွက်နေပြီး Narzo 10A ရဲ့ Triple-camera ကတော့ ထိုင်းနဲ့ အင်ဒိုမှာ ရောင်းချနေတဲ့ Realme C3 နဲ့ တူညီတယ်လို့ ဆိုပါတယ်။

Ref – GSM Arena