Realme ဟာ သူတို့ရဲ့ ပထမဆုံး Smart TV နဲ့ Smartwatch အပါဝင် ထုတ်ကုန်သစ်တွေကို တရုတ်နဲ့ အိန္ဒိယ စျေးကွက်တွေမှာ မိတ်ဆက်ပေးခဲ့ပြီးနောက် ဥရောပစျေးကွက်အတွက် Realme X3 SuperZoom စမတ်ဖုန်းကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

Realme X3 SuperZoom ဖုန်းတစ်ခုလုံးကို ခြုံကြည့်ရင်တော့ Flagship အဆင့် Specs တွေ ပါဝင်ပေမယ့် Mid-range စျေးလောက်သာရှိတဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ သူ့ရဲ့ ဥရောပစျေးနှုန်းက ယူရို ၄၉၉ (မြန်မာငွေ ၇ သိန်း ၇ သောင်းဝန်းကျင်) သာရှိပြီး ဒီစျေးနှုန်းကိုရောက်နိုင်ဖို့ တစ်ချို့အစိတ်အပိုင်းတွေကို တတ်နိုင်သမျှ လျော့ချထားတာ မြင်ရမှာပါ။

ဖုန်းရဲ့ရှေ့ဘက်မှာ Dual Punch-hole ဒီဇိုင်းနဲ့နောက်ဘက်မှာတော့ Quad-camera ကို ဒေါင်လိုက်စီရီထားပါတယ်။ ဝယ်သူတွေက Arctic White နဲ့ Glacier Blue အရောင်နှစ်မျိုးကိုရွေးချယ်နိုင်မှာပါ။

Realme X3 SuperZoom မှာ 6.6” 2400 x 1080p Screen ပါဝင်ပြီး 120Hz Refresh Rate ထောက်ပံ့ပေးတယ်။ အမျိုးအစားကတော့ LCD Panel ဖြစ်ပြီး Screen-to-body အချိုး 90.5% တောင်ရှိပါတယ်။ LCD Display ကို ရွေးချယ်ထားတဲ့ အပြင် လက်ရှိ Snapdragon 865 ထက် တစ်ဆင့်နိမ့်တဲ့ Snapdragon 855+ ချစ်ပ်ဆက်ကို ရွေးချယ်ထားတာက သူ့ရဲ့ စျေးနှုန်းမှာ အဓိကကျပါတယ်။

Snapdragon 855+ ဟာ လက်ရှိအချိန်ထိ အတော်လေးစွမ်းအားကောင်းတဲ့ ချစ်ပ်ဆက်အသစ်စာရင်း ဝင်နေဆဲဖြစ်ကာ X3 SuperZoom ရဲ့ 12GB RAM LPDDR4x RAM နဲ့ 256GB UFS 3.0 Storage အလန်းစားမန်မိုရီတွေနဲ့ ပြန်တွဲထားတယ်။ Specs Sheet မှာတော့ 8/128GB ဗားရှင်းကိုလည်း တွေ့ရပေမယ့် လောလောဆယ်တော့ စျေးမသိရသေးပါဘူး။

ကင်မရာပိုင်းမှာတော့ X3 SuperZoom ဟာ နာမည်အတိုင်းကို ကြမ်းပါတယ်။ အဓိကကင်မရာ Samsung GW1 64MP f/1.8 Sensor ကို 5x Optical Zoom ရတဲ့ 8MP Periscope Lens ဖြင့်တွဲဖက်ထားပြီး OIS လည်းပါဝင်ပါတယ်။ နောက်ထပ် နှစ်လုံးကတော့ 8MP f/2.3 Ultrawide နဲ့ 2MP 4CM Macro ကင်မရာတွေပါ။

နာမည်အတိုင်း 60x SuperZoom Mode ပါဝင်ပြီး အရာဝတ္ထုတွေကို အကြီးချဲ့နိုင်သလို ဟိုးအဝေးက ကြယ်တွေကို ရိုက်ကူးနိုင်တဲ့ Starry Mode လည်းပါဝင်ပါတယ်။ ဒါကို UIS Video Stabilization, UIS Max Video Stabilization, Super Nightscape 4.0 အစရှိတဲ့ Feature များစွာနဲ့ ထောက်ပံ့ပေးထားပါတယ်။

ရှေ့မှာ 32MP Sony IMX616 Sensor ကို 8MP Ultrawide နောက်တစ်လုံးနဲ့ပါ ထပ်တွဲပေးထားတယ်။ Realme X3 SuperZoom မှာ 4,200 mAh ဘက္ထရီနဲ့ 30W Dart Charge အားသွင်းစနစ်တို့ပါဝင်သလို ဂိမ်းဆော့နေရင် အပူသက်သာအောင် Liquid Cooling စနစ်တစ်ခုလည်း ပါရှိပါတယ်။ Android 10 ကို Realme UI နဲ့ အသုံးပြုရမှာဖြစ်ပြီး Fingerprint ကို ဘေးဘက်မှာထည့်သွင်းထားတယ်။

Ref – GizmoChina