တရုတ်ပြည်တွင်းက Leakster တွေဟာ Redmi အတွက် ပထမဆုံး Dimensity 1000+ ချစ်ပ်ဆက် အသုံးပြုထားတဲ့ စမတ်ဖုန်းကို ဇူလိုင်လမှာ မိတ်ဆက်သွားမယ်လို့ ဖော်ပြလာခဲ့ပြီး သြဂုတ်လမှာ Mi 10 Pro Plus နဲ့ Q4 ကာလမှာ Mi Mix 4 တို့ အသီးသီးလိုက်လာမယ်လို့လည်း ဆိုပါတယ်။

ဇွန်လအတွင်းမှာ Xiaomi နဲ့ Redmi တို့ဟာ မိခင်တရုတ်ပြည်တွင်းဈေးကွက်အတွက် နိုင်ငံတကာဈေးကွက်မှာ အရင်မိတ်ဆက်ခဲ့တဲ့ Redmi 9 တစ်မျိုးကိုသာ တင်ပို့လာခဲ့တာပါ။ ဒါပေမယ့် အခုသတင်းသာ မှန်ကန်ရင်တော့ နောက်လမှာ MediaTek Dimensity 1000+ သုံးထားတဲ့ စိတ်ဝင်စားစရာ ဟန်းဆက်သစ်ကို မြင်တွေ့ရမှာဖြစ်ပြီး 144Hz Refresh Rate နဲ့ LCD Display, ဘေးတိုက် Fingerprint Sensor နဲ့ 33W အားသွင်းစနစ်တို့လို Specs တွေ ပါဝင်နိုင်ပါတယ်။

Xiaomi ရဲ့ ဒုတိယစမတ်ဖုန်းသစ်ကိုတော့ သြဂုတ်လမှာ မြင်ရမှာဖြစ်ပြီး “Super Large Cup” လို့ ဖော်ပြထားတာကြောင့် Huawei P40 Pro Plus နဲ့ Samsung Galaxy S20 Ultra တို့လို Ultra-Flagship အဆင့် ဖြစ်နိုင်ပါတယ်။ ဒီဟန်းဆက်ကတော့ သတင်းထွက်နေတဲ့ Mi 10 Pro Plus ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။

နောက်ဆုံးအနေနဲ့ Q4 ကာလမှာ မိတ်ဆက်မယ့်ဖုန်းကိုတော့ “သိတဲ့အတိုင်း” လို့ Leakster တွေက ဖော်ပြခဲ့တာမို့ အများစောင့်မျှော်နေရတဲ့ Mi Mix 4 အလှည့်ပဲ ဖြစ်မှာပါ။ အခုချိန်မှာ အနည်းငယ်စောနေသေးတာကြောင့် ထွက်ရှိချိန် အပြောင်းအလဲတွေတော့ ရှိနိုင်ပါသေးတယ်။

Ref – GizmoChina