Xiaomi ဟာ ယခုလအတွင်းမှာ Price to Performance ပိုင်းကို ဦးစားပေးထားတဲ့ Redmi Turbo 3 ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Redmi Turbo 3 ဖုန်းဟာ ယခင်တုန်းက မိတ်ဆက်ခဲ့ဖူးတဲ့ Redmi Note 11T နဲ့ Redmi Note 12 Turbo ဖုန်းတွေရဲ့ မျိုးဆက်သစ်ဖြစ်လာမှာဖြစ်ပြီး အဓိက Performance ပိုင်းကို ဦးစားပေးထားမှာပါ။

Xiaomi ကနေ အခုအသစ်ထွက်လာမယ့် Redmi Turbo 3 ဖုန်းမှာ Qualcomm Snapdragon 8s Gen 3 Chipset ကို အသုံးပြုထားမယ်ဆိုပြီး အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ခဲ့တဲ့ Xiaomi Civi 4 Pro ဖုန်းနဲ့ Performance ပိုင်းမှာ အတူတူဖြစ်လာမယ့်အပြင် စျေးနှုန်းအရလည်း ပိုမိုသက်သာဖွယ်ရှိနေပါတယ်။

အခုလည်း Redmi Turbo 3 ဖုန်းရဲ့ Geekbench Benchmark ရလဒ်တွေ ပေါက်ကြားလာခဲ့ပါပြီ။ Geekbench Version 6.2.2 မှာ စမ်းသပ်ထားတာဖြစ်ပြီး ရလဒ်အနေနဲ့ Single-Core မှာ ၁၉၈၁ မှတ်ရရှိထားပြီး Multi-Core ပိုင်းမှာ ၅၅၂၆ မှတ်အထိ ရရှိထားတာကိုတွေ့ရပါတယ်။

အဆိုပါ Benchmark ရလဒ်တွေဟာ Flagship နီးပါးစွမ်းဆောင်ရည်ရှိနေပြီး ထူးခြားချက်အနေနဲ့ RAM 16GB အထိ ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Software ပိုင်းမှာလည်း Android 14 OS ကို အသုံးပြုလာမှာပါ။

ကျန်တဲ့ Redmi Turbo 3 ဖုန်းရဲ့ တခြားသော Specs တွေကိုတော့ မသိရသေးပေမယ့် 1.5K OLED Display နဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ Redmi Turbo 3 နာမည်နဲ့ မိတ်ဆက်မှာဖြစ်ပေမယ့် Global စျေးကွက်အတွက် POCO F6 နာမည်နဲ့ မိတ်ဆက်သွားမယ်လို့လည်း သိရပါတယ်။

Ref – Gizmo China