Huawei ကုမ္ပဏီက သူ့ရဲ့ နောက်ဆုံး စမတ်ဖုန်းဖြစ်တဲ့ Huawei P10 ကို မိတ်ဆက်လိုက်ပါတယ်။ ဒါပေမယ့် မနှစ်က ထုတ်ခဲ့တဲ့ Huawei P9 နဲ့ တော့ အရမ်းထူးခြား ကွာဟမှုမျိုးမရှိပါဘူး။

အားသာချက်

  • ဖုန်းရဲ့ ဒီဇိုင်းပုံစံက အနည်းငယ်ပြောင်းသွားတယ်။ ပိုဆွဲဆောင်မှုရှိလာပါတယ်။
  • Fingerprint Scanner ပိုကောင်းလာ။
  • Portrait Mode ပါတဲ့အတွက် Portrait ဓာတ်ပုံလှလှတွေ ရိုက်ရလွယ်ကူလာ။

အားနည်းချက်

  • ဘက်ထရီ ကြာရှည်ခံနိုင်မှုအားကတော့ အရမ်း မကောင်းသေးပါဘူး။
  • အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ နာမည်ကြီးနေတဲ့ ကိုယ်ရေးအရာရှိသဖွယ်လုပ်ဆောင်နိုင်တဲ့ Google Assistant ဒါမှမဟုတ် Daydream တို့မပါဝင်သေး။

Huawei P10 ကို မြန်မာနိုင်ငံမှာတော့ မေလ ၁၀ ရက်လောက်မှ ရောင်းချမယ်လို့ ကြော်ငြာထားပြီး ဈေးနှုန်း အတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။

အရောင်အားဖြင့် အမည်းရောင်၊ အစိမ်းရောင်၊ ငွေရောင်၊ ရွှေရောင် နဲ့ နှင်းဆီရွှေရောင် (Rose Gold) တို့နဲ့ ထုတ်လုပ်ထားတဲ့အပြင် White Ceramic Version နဲ့ ထုတ်လုပ်ထားပါတယ်။ အဲ့ဒီအပြင် Dazzling Blue (အပြာရောင်) နဲ့ Dazzling Gold (ရွှေရောင်)တို့ကို လည်း ထုတ်လုပ်ထားပါတယ်။ စုစုပေါင်း အရောင် ၈ မျိုးလောက်နဲ့ ထုတ်လုပ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့မှာတော့ အမေရိကန်ဒေါ်လာ ၆၅၀ ၀န်းကျင်၊ မြန်မာငွေအားဖြင့် ၆ သိန်း ကျပ်နဲ့ ရောင်းချကြပါတယ်။

P 10 ဟာဆိုရင် P9 စတင်ရောင်းချတဲ့ ဈေးထက်ပိုပြီး မြင့်မားပါတယ်။ P9 ရဲ့ စတင်ရောင်းချတဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄၇၀ဖြစ်ပါတယ်။

P9 နဲ့ မတူတဲ့ ထူးထူးခြားခြား ပါဝင်မှုများ

Huawei P10 ရဲ့ Fingerprint Sensor က အရင် P9 လို ဖုန်းရဲ့ နောက်ကျောမှာရှိတာမဟုတ်ဘဲ ဖုန်းရဲ့ အရှေ့ဘက်မှာပါ။ Samsung ဖုန်းတွေမှာဆို Home Screen ရှိတဲ့နေရာမှာ Huawei P10 က သူ့ရဲ့ Fingerprint Sensor ကို ထားထားတာပါ။ အဲ့ဒီ နေရာကနေတော့ Fingerprint Sensor သပ်သပ်ပါ။ Home Screen လို အသုံးပြုလို့မရ၊ နှိပ်လို့မရပါဘူး။

ကင်မရာမှာလည်း Portrait Mode ပါဝင်တာကြောင့် Portrait ပုံ လှလှလေးတွေ အလွယ်တကူ ရိုက်နိုင်သလို Facial Tracking စနစ်လည်း ပါဝင်ပါတယ်။

ဒီဇိုင်း

P9 ထက် အနားလေးတွေ ပိုဝိုင်းတာကြောင့် P10 က iPhone 6s နဲ့တောင် ဆင်တူတူ ဖြစ်ပါတယ်။ ဒီဇိုင်းဟာ အရင် P9 ထက် လက်ထဲမှာ ကိုင်လို့ကောင်းပါတယ်။

ဖုန်းရဲ့ အောက်ခြေမှာ Speaker ရယ်၊ USB-C port ရယ်နဲ့ 3.5 mm နားကျပ်ပေါက်တို့ ပါဝင်နေတုန်းပါဘဲ။

အဲ့ဒီအပြင် မှန်တွေကို Hyper Diamond Cut နည်းပညာဖြစ်တဲ့ စိန်နဲ့ ဖြတ်တောက်ထားတဲ့ နည်းပညာဖြစ်တဲ့အပြင် ဖုန်းကိုယ်ထည်ကိုလည်း အဆင့်မြင့် သတ္တုကိုယ်ထည်ဖြင့်တည်ဆောက်ထားပါတယ်။ လက်ဖြင့်ကိုင်ထားချိန်မှာ ချော်ထွက်ပြုတ်ကျခြင်း နည်းပါးအောင် လုပ်ထားတာဖြစ်ပြီး လက်ဗွေရာထင်ခြင်း၊ ပွတ်တိုက်မှုကြောင့် ပွန်းပဲနိုင်ချေကိုလည်း လျော့နည်းအောင် ပြုလုပ်ထားပါတယ်။

Display

P10 နှင့် P10 Plus တို့ရဲ့မျက်နှာပြင်ကို ၅.၂လက်မနှင့် ၅.၅လက်မ အသီးသီးနှင့်ထုတ်လုပ်ထားပါသည်။

Huawei P10 ဖုန်းရဲ့ Resolution က Full HD Display ဖြစ်တာကြောင့် လင်းထိန်ပြီး အရောင်စုံအောင် ပြုလုပ်ထားပါတယ်။ ဖုန်းရဲ့ Resolution လင်းလင်းနဲ့ အရောင်စုံတာကို သဘောကျရင်တော့ P10 ကို ရွေးချယ်သင့်ပါတယ်။ မကြာသေးခင်ကတော့ Sony က သူ့ရဲ့ 4K Resolution ရတဲ့ စမတ်ဖုန်းကို မိတ်ဆက်ထားတာတော့ ရှိပါတယ်။

စခရင်ရဲ့ Resolution က တစ်လက်မတိုင်းမှာ 432 Pixel ပါတာကြောင့် ရုပ်ပုံတွေက အရမ်းကို ကြည်လင်ပြတ်သားနေမှာပါ။

သီချင်း၊ ရုပ်ရှင် နဲ့ ဂိမ်း

Huawei P10 က သီချင်း၊ ရုပ်ရှင် နဲ့ ဂိမ်းတွေ ကို အဓိက သုံးလေ့ရှိသူတွေအတွက်ကတော့ ရွေးချယ်သင့်တဲ့ ဖုန်းပါ။

P10 မှာ 3.5 mm နားကျပ်ခေါင်းပါဝင်တာကြောင့် နားကျပ်နဲ့ နားထောင်ပြီး ရုပ်ရှင်ကြည့်ချင်သူတွေအတွက်လည်း သင့်တော်ပါတယ်။ အဲ့ဒီအပြင် P 10 က Bluetooth နားကျပ်တွေနဲ့လည်း အလွယ်တကူ ချိတ်ဆက်လို့ရပါတယ်။

မျက်နှာပြင် အရွယ်အစား ၅.၁ လက်မရှိတဲ့ ဖုန်းတွေက ရုပ်ရှင်ကြည့်မလား၊ ဂိမ်းဆော့မလား လက်ထဲမှာ အလွယ်တကူ ကိုင်လို့ရတဲ့ ဖုန်းတွေဖြစ်ပါတယ်။ အဲ့ထက်ပိုပြီး စခရင် ကြီးတာကြိုက်သူတွေအတွက်လည်း ၅.၅ လက်မ QHD Resolution နဲ့ P10 Plus လည်း ရှိပါသေးတယ်။

Huawei P10 က Storage 64 GB နဲ့ ထုတ်လုပ်ပြီး Micro SD ကဒ်ထပ်စိုက်ရင် 256 GB အထိ မှတ်လို့ရပါတယ်။

P10 မှာ Huawei ရဲ့ ကိုယ်ပိုင် Chipset HiSilicon Kirin 960 ကို အသုံးပြုထားပြီး RAM 4 6GB ပါဝင်တာကြောင့် ဂိမ်း ကြီးကြီးမားမားတွေကို အေးဆေး ဆော့ကစားနိုင်ပါတယ်။

ဒါပေမယ့် ဖုန်းရဲ့ စွမ်းဆောင်ရည် တိုင်းတာတဲ့ အမှတ်ပေးမှုမှာတော့ Huawei P10 ရဲ့ စွမ်းဆောင်နိုင်ချေက P 9 ထက် လျော့နေတာကို တွေ့ရတယ်လို့ Techrader နည်းပညာ ဝေဖန်မှု သတင်းက ထုတ်ပြန်ထားပါတယ်။ စွမ်းဆောင်နိုင်ချေကို စစ်ဆေးတဲ့အခါမှာ Huawei P 10 က အမှတ် ၅၈၈၈ ရခဲ့ပေမယ့် P 9 က အမှတ် ၆၃၀၀ ရပါတယ်။ Samsung Galaxy S7 Edge ကတော့ အမှတ် ၆၅၄၂ မှတ် ရရှိခဲ့ပါတယ်။

ဘက်ထရီ

P10 မှာ ဘက်ထရီ 3200 mAh အသုံးပြုထားတာကြောင့် P9 တုန်းကတော့ 3000 mAh အသုံးပြုထားပါတယ်။ ဒါပေမယ့် ဘက်ထရီ ခံနိုင်မှုအားက ကောင်းတယ်လို့တော့ ပြောလို့မရသေးပါဘူး။

Hawei P10 နဲ့ မိနစ် ၉၀ ဗီဒီယိုဖိုင်ကို Full Brightness ထားပြီး ကြည့်တဲ့အခါမှာတော့ P10 ရဲ့ ဘက်ထရီ ၂၀ ရာခိုင်နှုန်း လျော့သွားပါတယ်။

အဲ့လိုဘဲ Huawei P9 နဲ့ စမ်းသပ်တဲ့အခါမှာလည်း ဘက်ထရီ 15% လျော့နည်းသွားပြီး Samsung Galaxy S7 Edge ကတော့ ဘက်ထရီ 13% ဘဲ လျော့ပါတယ်။

တခြားစမတ်ဖုန်းတွေက ကြိုးမဲ့ အားသွင်းစနစ်ကို ထုတ်လုပ်ပြီး ပြိုင်ဆိုင်နေချိန်မှာတော့ Huawei P10 မှာ ကြိုးမဲ့ အားသွင်းစနစ် (Wireless Charging) မပါလာပါဘူး။

ကင်မရာ

Leica အနောက်ကင်မရာ ၂ လုံးပါဝင်ပြီး RGB Sensor ပါတဲ့ ကင်မရာက 12 MP ရှိပြီး Monochrome ဖြူ၊မည်း ရိုက်တဲ့ ကင်မရာမှာ 20 MP ရှိပါတယ်။ အဲ့ဒီ ကင်မရာ ၂လုံးက ဓာတ်ပုံတစ်ပုံထဲထွက်လာပါတယ်။ အဲ့ဒီဓာတ်ပုံက ခုနက ကင်မရာ ၂ လုံးပေါင်းစပ်ထားတာကြောင့် အဖြူအမည်၊ အသေးစိတ်နဲ့ Contrast ကောင်းကောင်း ဓာတ်ပုံကို ရရှိပါတယ်။

Portrait Mode မှာလည်း မျက်နှာကို focus ဖြတ်တဲ့ ပွင့်ပေါင်း ၁၉၀ ကျော်ပါဝင်ပြီး မျက်နှာကို အလျင်အမြန် Focus ဖြတ်နိုင်ကာ အကောင်းဆုံး အလှပဆုံး ဓာတ်ပုံတွေကို ရိုက်နိုင်ပါတယ်။

အရှေ့ကင်မရာမှာလည်း Mega Pixel 8 ပါဝင်ပါတယ်။