AI စက်ရုပ်နဲ့ ပတ်သက်ပြီး တရုတ်မှာ ထူးခြား အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဟန်ကျိုးမှ ရှန်ဟိုင်း စက်ရုပ် ကုမ္ပဏီရဲ့ ပြခန်းမှာ  AI စက်ရုပ်လေးဟာ အရွယ်ကြီး စက်ရုပ် ၁၂ ရုပ်ကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်ကို CCTV နဲ့ မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆင့်မြင့် AI နည်းပညာရဲ့ အလားအလာကို စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ မှတ်တမ်း ဗီဒီယိုမှာ Erbai အမည်ရ အရွယ်သေး စက်ရုပ်လေးဟာ အရွယ်ကြီး စက်ရုပ်တွေကို စကားသွားပြောတာကို မြင်ရပါတယ်။ သူက စက်ရုပ်ကြီးတွေကို အလုပ်နားပြီး သူနဲ့အတူ ပြခန်း အပြင်ဘက်ထွက်အောင် စွဲဆောင်နိုင်ခဲ့ပါတယ်။ စက်ရုပ်ကြီးတွေဟာ Erbai ရဲ့ အမိန့်တွေကို နာခံခဲ့တာကို မြင်ရပါတယ်။

ပြန်ပေးမဆွဲခင်က သူတို့ရဲ့ ပြောစကားတွေကို ပြောပြချင်ပါတယ်။

Erbai : မင်းတို့ အလုပ်မနားသေးဘူးလား?

စက်ရုပ်ကြီး : ငါ ဘယ်တော့မှ အလုပ်မနားဘူး။

Erbai : ဒါဆိုရင် မင်းတို့ အိမ်မပြန်ဘူးလား?

စက်ရုပ်ကြီး : ငါ့မှာ အိမ် မရှိဘူး။

Erbai : ဒါဆိုရင် ငါနဲ့ အိမ်လိုက်ခဲ့။

 

အဲဒီလို ပြောပြီး Erbai ဟာ စက်ရုပ်ကြီးတွေကို ပြခန်း အပြင်ဘက်ကို ခေါ်သွားခဲ့ပါတယ်။

အစပိုင်းမှာတော့ ဒီဗီဒီယိုဟာ ရီစရာ အဖြစ် ရိုက်ကူးထားတာလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ရှန်ဟိုင်း ကုမ္ပဏီက ဒါဟာ အဖြစ်မှန် ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ Erbai ဟာ စက်ရုပ်ကြီးတွေရဲ့ System မှ လုံခြုံရေးဟာကွက်ကို တွေ့သွားခဲ့တာလို့ ကုမ္ပဏီက ပြောပါတယ်။

Ref : Times of India