ရုရှားနဲ့ ယူကရိန်းတို့ စစ်ဖြစ်ပွားနေတာ အခုဆိုရင် ၃ ပတ်ထဲကို ရောက်လာပြီ ဖြစ်ပြီး ယူကရိန်းဟာ ဥရောပနဲ့ ပြင်ပ နိုင်ငံများစွာဆီကနေ ရသမျှ အကူအညီတွေ ရယူနေပါတယ်။ နိုင်ငံများစွာက ရုရှားကို စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်နေသလို ကုမ္ပဏီတွေကလည်း ရုရှားမြေကို စွန့်ခွာနေကြပါတယ်။ အနောက်နိုင်ငံက Cloud Provider တွေ ထွက်ခွာသွားတဲ့အတွက် ရုရှားဟာ ဒေတာ သိုလှောင်မှုအတွက် ပြဿနာကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရပြီး ဒေတာ သိုလှောင်ဖို့ ၂ လစာပဲ ကျန်တော့တယ်လို့ သိရပါတယ်။

ရုရှား အစိုးရဟာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ အစိုးရဟာ နိုင်ငံကနေ ထွက်ခွာသွားတဲ့ ကုမ္ပဏီတွေရဲ့ ဒေတာ သိုလှောင်မှု အားလုံးကို သိမ်းဆည်းနိုင်သလို ရနိုင်သမျှ ရုရှား ဒေတာ သိုလှောင်မှု အားလုံးကို ငှားရမ်းနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုလာနိုင်ပါတယ်။

Russia

Kommersant က ရုရှားဟာ ဒေတာ သိုလှောင်ဖို့အတွက် ၂ လစာပဲ ကျန်ရှိတော့တယ်လို့ ပြောပါတယ်။ အနောက်နိုင်ငံက Cloud Service တွေ ရုရှားကနေ ထွက်ခွာသွားပြီးနောက်မှာ ရုရှား မိုဘိုင်း Carrier ဖြစ်တဲ့ MegaFon ဟာ ဒေတာ သိုလှောင်မှု ပမာဏကို ၅ ဆ တိုးမြှင့်ခဲ့ရပါတယ်။ ဒါ့အပြင် MTS က ၁၀ ဆနဲ့ VK က ၂၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ခဲ့ရပါတယ်။

လက်ရှိမှာ ရုရှားက မိုဘိုင်း အော်ပရေတာတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဒေတာ စင်တာတွေ လုံလုံလောက်လောက် မရှိပါဘူး။ အဲဒီအတွက် ရုရှား အစိုးရဟာ ဒီပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို အပူတပြင်း ရှာဖွေနေပါတယ်။ ဒါ့အပြင် အကောင်အထည် ဖော်နေတဲ့ စမတ် မြို့တော် စီမံကိန်းရဲ့ ဗီဒီယို ထောက်လှမ်းမှုနဲ့ Facial Recognition စနစ်တွေကြောင့် ဒေတာ သိုလှောင်မှုတွေ ပိုမိုလိုအပ်နေပါတယ်။

Ref : gizchina