Samsung ကုမ္ပဏီဟာ လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ အကြီးမားဆုံးသော စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ ရောင်းအားအကောင်းဆုံးဖြစ်နေဆဲဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာ Samsung ကနေ ယခုနှစ်အတွက် ခန့်မှန်းရောင်းအားကို ထုတ်ဖော်ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။

အဲ့ဒါကတော့ ယခုနှစ်မှာလည်း Samsung ကနေ စမတ်ဖုန်းပေါင်း အလုံးရေ သန်း ၃၂၀ ဝန်းကျင်လောက်အထိ တင်ပို့ရောင်းချနိုင်ဖို့ ရည်မှန်းထားတယ်လို့ ထုတ်ဖော်ခဲ့ပြီး စမတ်ဖုန်းတွေအပြင် Feature Phone သန်း ၄၀ ၊ Tablet သန်း ၂၀ နဲ့ Wearable တွေကို ၅ သန်းဝန်းကျင်ရောင်းချရဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

Samsung ရဲ့ ယခုခန့်မှန်းချက်ဖြစ်တဲ့ စမတ်ဖုန်းအလုံးရေ သန်း ၃၂၀ ရောင်းချရဖို့ ခန့်မှန်းချက်ဟာ အခြားသောစမတ်ဖုန်းကုမ္ပဏီတွေနဲ့ ယှဉ်ရင်များပြားတယ်ဆိုပေမယ့် Samsung အတွက်တော့ အဆိုပါ ကိန်းဂဏန်းက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရောင်းချရခဲ့တဲ့ ရလဒ်နဲ့ တူတူပဲဖြစ်ပါတယ်။

Samsung အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ရောင်းအားထက်ပိုတိုးပြီးရောင်းချဖို့ မကြိုးစားတာက ပြီးခဲ့တဲ့နှစ်ကလည်း Samsung က စမတ်ဖုန်းအလုံးရေ သန်း ၃၀၀ ဝန်းကျင်ရောင်းချပြီးတဲ့အချိန်မှာ Apple နဲ့ Huawei တို့က စမတ်ဖုန်း သန်း ၂၀၀ နဲ့ သန်း ၁၅၀ ဝန်းကျင်ပဲ ရောင်းချနိုင်တဲ့အတွက် Samsung အနေနဲ့ ယခုနှစ်မှာလည်း ရောင်းအားအကောင်းဆုံးနေရာကိုဆက်ထိန်းထားနိုင်ဖို့ စိတ်ပူစရာမလိုလောက်ပါဘူး။