တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးကတော့ ဒီနှစ်အတွင်းမှာဖြန့်ချိဖို့စီစဉ်ထားတဲ့ စမတ်ဖုန်းတွေအတွက် ထုတ်ပိုးမှုထဲမှာ Charger ဒါမှမဟုတ် Earphones တွေ မထည့်သွင်းဘဲထားဖို့ ဆုံးဖြတ်ထားကြောင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် Samsung ရဲ့ စမတ်ဖုန်းမော်ဒယ်အတော်များများကို အားသွင်းခေါင်းနဲ့ နားကြပ်တွေမပါဘဲ ဝယ်ယူရဖွယ်ရှိနေပါတယ်။ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းတွေဖြစ်ကြတဲ့ Galaxy S21, S21+ နဲ့ S21 Ultra တို့ကိုလည်း ဘူးထဲမှာ Charger မထည့်ထားတာကြောင့် သုံးစွဲသူအချို့ကတော့ မချင့်မရဲဖြစ်ခဲ့ကြရပါသေးတယ်။

အခုတော့ ဒီစနစ်ကို အခြား Galaxy မော်ဒယ်တွေမှာလည်း ကျင့်သုံးတော့မယ်ဆိုတာ သေချာသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရက်သတ္တပတ်နဲ့ လတွေမှာ မိတ်ဆက်လာမယ့်စမတ်ဖုန်းတွေကတော့ အားသွင်းပစ္စည်းအသုံးအဆောင်တွေ ပါမလာတော့ဘူးလို့ ယူဆရပါတယ်။ နားကြပ်တွေမထည့်ပေးတော့တာက သိပ်မသိသာပေမယ့် Charger မထည့်ပေးတဲ့အတွက် အသုံးပြုသူကတော့ သေချာပေါက် ပိုက်ဆံထပ်သုံးရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Apple ဟာ သူ့ရဲ့ထုတ်ကုန်အချို့မှာ အားသွင်းစက်နဲ့ နားကြပ်တွေထည့်သွင်းမပေးတော့ဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဒီပုံစံဟာ Android စမတ်ဖုန်းတွေဆီကိုလည်း ရောက်ရှိလာမယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။ ဒီတုန်းကတည်းက Samsung လည်း Apple ခြေရာကိုလိုက်နင်းနိုင်တယ်လို့ ယူဆခဲ့ကြတာ၊ အခုတော့အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူ TM Roh က ကုမ္ပဏီအနေနဲ့ အားသွင်းခေါင်းတွေနဲ့နားကြပ်တွေကို စမတ်ဖုန်းထည့်သွင်းတဲ့ဘူးထဲကနေ တဖြည်းဖြည်းဖယ်ရှားဖို့လုပ်ဆောင်နေကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါဟာ မကြာခင်ရက်သတ္တပတ်အနည်းငယ်အတွင်း ပွဲထုတ်လာမယ့် ကြိုးမဲ့အမြန်အားသွင်း Charger နှစ်မျိုးနဲ့ ဆက်စပ်နေမယ်လို့ ယုံကြည်ရပါတယ်။

Ref: Gizmochina