Samsung Galaxy Note 8 စမတ်ဖုန်းဟာ အခုလောလောဆယ်မှာ Samsung ရဲ့ အကောင်းဆုံးသော Flagship စမတ်ဖုန်းတစ်ခုလို့ ပြောလို့ရနေတာပဲဖြစ်ပါတယ်။

မနှစ်တုန်းက Samsung Galaxy Note 7 စမတ်ဖုန်းဟာ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုပေမယ့် Samsung ဟာ ဒီနှစ်မှာတော့ Galaxy Note 8 စမတ်ဖုန်းကို အဲ့ဒီလိုမျိုး မဖြစ်ရအောင် အထူးကြိုးစားထားပြီး လက်ရှိအကောင်းဆုံးစမတ်ဖုန်းတစ်ခုဖြစ်အောင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အချိန်တွေအထိ Samsung Galaxy Note 8 စမတ်ဖုန်းတွေမှာ Error မတက်ခဲ့သေးပေမယ့် ယခုအချိန်မှာ Samsung Galaxy Note 8 အသုံးပြုသူအချို့က ပြဿနာတစ်ခုကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အဆိုပါ ပြဿနာကတော့ Samsung Galaxy Note 8 စမတ်ဖုန်းကို Battery 0% အထိရောက်အောင်အသုံးပြုပြီးရင် အားပြန်လည်သွင်းလို့မရတော့တာဖြစ်ပါတယ်။ အခုပြဿနာဖြစ်ပွားခဲ့တဲ့သူတွေရဲ့အဆိုအရတော့ ဒီပြဿနာက အားသွင်းကြိုးပြောင်းလဲလိုက်လည်း အဆင်မပြေဘူးလို့ သိရပါတယ်။

Samsung ကတော့ အခုလိုမျိုး ဖြစ်ပွားခဲ့တဲ့ Galaxy Note 8 စမတ်ဖုန်းတွေကို ပြန်လည် စစ်ဆေးပေးနေတယ်လို့ သိရပြီး ဘာကြောင့်အခုလိုဖြစ်ရတယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။