ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Samsung Unpacked နဲ့အတူ Device သစ်တွေကို တွေ့မြင်ခဲ့ကြရပြီးပါပြီ။ ဒါကြောင့် အခုအချိန်က နောက်လာမဲ့ Device သစ်တွေအကြောင်း တူးဆွဖို့အချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Tipster တွေက Galaxy S22 စီးရီးအကြောင်း သတင်းတွေကို ယူဆောင်လာတာလို့ ဆိုရပါလိမ့်မယ်။

Ice Universe ရဲ့ ဖော်ပြမှုကြောင့် Galaxy S22 မော်ဒယ်သုံးမျိုးရဲ့ အဓိကအချက်အလက်အချို့ကို သိခဲ့ပြီးပါပြီ။ ကနဦးသတင်းတွေအရ Galaxy S22 တွေဟာ S21 တွေရဲ့အသွင်အပြင်မှာ ဆင့်ကဲပြောင်းလဲလာတဲ့ပုံစံအဖြစ် မြင်တွေ့ခဲ့ကြရပါတယ်။ အခုထပ်ပြီးပေါ်ထွက်လာတဲ့အချက်အလက်အချို့က ဒီစီးရီးရဲ့ မျက်နှာပြင်အရွယ်အစား၊ ဘက်ထရီပမာဏတို့ပဲ ဖြစ်ပါတယ်။

Galaxy S22 က 6.01-inch အရွယ်အစား မျက်နှာပြင်ရှိမှာဖြစ်ပြီး၊ Galaxy S22+ ကတော့ 6.55-inch အရွယ်အစား ဖြစ်ပါတယ်။ Galaxy S22 Ultra မော်ဒယ်မှာတော့ 6.81-inch အရွယ်အစားမျက်နှာပြင်ကို တွေ့ရလိမ့်မယ်လို့ Tipster က ဆိုပါတယ်။ ဒါဟာ Galaxy S21 စီးရီးဝင်တွေရဲ့ အရွယ်အစားနဲ့ သိပ်ပြီးကွာဟမှုမရှိတဲ့ အရွယ်အစားအဖြစ် တွေ့ရပါတယ်။

Galaxy S22 စီးရီးအားလုံးဟာ 120Hz refresh rate ထောက်ပံ့ထားမယ်လို့ ဆိုပါတယ်။ Ultra မော်ဒယ်က QHD+ resolution နဲ့ LTPO (low-temperature polycrystalline oxide) panel နဲ့ဖြစ်ပြီး Dynamic refresh rate ကို ပြောင်းလဲစေသလို ဘက်ထရီသက်တမ်းကိုလည်း ပိုမိုကောင်းမွန်စေမယ်လို့ သိရပါတယ်။

ကင်မရာပိုင်းမှာတော့ Galaxy S22 နဲ့ S22+ တို့ဟာ 50MP 1/1.55-inch main sensor သစ်တွေနဲ့အတူ 12MP telephoto lens, 3x optical zoom နဲ့ 12MP ultrawide camera တို့ ပါဝင်မယ်လို့ ဆိုပါတယ်။ S22 Ultra ကတော့ 108MP အဓိကကင်မရာ၊ 12MP sensor သုံးခုနဲ့အတူ 3x optical zoom နဲ့ Telephoto, 10x optical zoom နဲ့ periscope, Ultrawide ကင်မရာ စတာတွေ တပ်ဆင်ထားမယ်လို့ သိရပါတယ်။

S22 နဲ့ S22+ တို့မှာ သူတို့အရင်မျိုးဆက်တွေလိုပဲ 3,800mAh နဲ့ 4,000mAh တွေ ထောက်ပံ့ထားပြီး S22 Ultra ကတော့ 5,000mAh ဖြစ်တယ်လို့ ဆိုပါတယ်။ အားသွင်းနှုန်းနဲ့ပတ်သက်တဲ့ အချက်အလက်ကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။ နောက်ဆုံးအချက်က Galaxy S22 စီးရီးအများစုမှာ Exynos 2200 ထုတ်လုပ်မှုနည်းပါးတဲ့ပြဿနာကြောင့် Snapdragon 898 ကိုပဲ အသုံးပြုမယ်လို့ @FrontTron က ဆိုပါတယ်။

Ref: GSM Arena