Samsung ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S21 Ultra ဖုန်းမှာ စတင်ပြီး LTPO Display နည်းပညာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။​ အခုလိုမျိုး LTPO Display ကို ပြောင်းလဲအသုံးပြုလိုက်တာကြောင့် Refresh Rate ကို ပုံမှန်ထက် ထိန်းချူပ်နိုင်ပြီး Battery စားသုံးမှုကိုပါ ပိုမိုသက်သာအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အချိန် ၂ နှစ်ကျော်ကြာမြင့်တဲ့အထိ Samsung က LTPO Display နည်းပညာကို Ultra ဖုန်းတွေမှာပဲ အသုံးပြုနေခဲ့ပါတယ်။ ဒါကြောင့် Galaxy S21 Ultra ၊ Galaxy S22 Ultra နဲ့ Galaxy S23 Ultra ဖုန်းတွေကပဲ LTPO Display နည်းပညာပါဝင်တဲ့ OLED Display တွေကို အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးမှာတော့ Samsung ဟာ Ultra ဖုန်းတင်မဟုတ်တော့ဘဲ လာမယ့် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်လာမယ့် Galaxy S24 နဲ့ Galaxy S24+ ဖုန်းတွေမှာပါ LTPO Display ကို အဆင့်မြှင့်တင်တော့မယ်လို့ သတင်းထွက်လာပါပြီ။ အဆိုပါ သတင်းကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Samsung ဟာ Galaxy S24 Series ဖုန်းတွေမှာ ဘေးဘောင်တွေကို ပိုမိုပါးလွှာအောင် ဒီဇိုင်းပြောင်းလဲထားမယ်လို့သိရပါတယ်။ ဒါပေမယ့် Display Resolution ပိုင်းမှာ Full HD+ ကိုပဲ ဆက်သုံးထားမလား၊ QHD+ ကို ပြန်ပြောင်းသုံးမလားဆိုတာကိုတော့ မသိရသေးဘဲ Selfie Camera တွေကိုပဲ​ Galaxy S23 Series နဲ့ အတူတူအသုံးပြုထားမယ်လို့ သတင်းရရှိထားပါတယ်။

Samsung ဟာ Galaxy S24 Series ဖုန်းတွေကို ၂၀၂၄ ခုနှစ် အစောပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး Qualcomm Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။​

Ref – GSM Arena