Samsung ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Galaxy S8 နဲ့ Note 8 Flagship ဖုန်းတွေကို Android 10 Update ပေးမပေးဆိုတာက တလောကအထိ အငြင်းပွားနေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကလည်း Samsung ဘက်ကနေ တရားဝင်အတည်မပြုပေးခဲ့သလို Customer Support ကလည်း Android 10 ကို Update ပြုလုပ်ပေးမယ်ဆိုပြီး ဆက်တိုက်ပြောကြားနေခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Samsung ကနေ ဒီ Galaxy S8 နဲ့ Note 8 စမတ်ဖုန်းတွေဟာ Android 10 ကို အခြေခံထားတဲ့ OneUI 2.0 Update ကို ရရှိမှာမဟုတ်ဘူးဆိုပြီး အတည်ပြုပေးလိုက်ပါပြီ။ အဲ့ဒါကြောင့် Android 10 Update ကို စောင့်မျှော်နေတဲ့အသုံးပြုသူတွေအတွက်ကတော့ ရှင်းလင်းတဲ့အဖြေကို ရရှိသွားပြီလို့ ပြောလို့ရပါတယ်။


Samsung ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Galaxy S8 နဲ့ Note 8 ဖုန်းတွေဟာ Android 10 Update ကိုတော့ ရရှိမှာမဟုတ်ပေမယ့် Security Patch Update တွေကိုတော့ ဆက်လက်ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ထွက်ရှိတာ ၃ နှစ်လောက်ကြာနေတဲ့ဖုန်းတွေအတွက်ကတော့ အခုလိုမျိုး Support ရရှိတာကိုပဲ ဝမ်းသာရမှာပါ။

ဒီလိုမျိုး Galaxy S8 နဲ့ Note 8 ဖုန်းတွေကို အခုထိ အသုံးပြုနေတုန်းဆိုရင်တော့ မကြာခင်မှာဖုန်းသစ်လဲလှယ်လိုက်တာကပဲ အကောင်းဆုံးဖြစ်မှာပါ။

Ref – Phone Arena