Samsung ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေကို ရောင်းချတဲ့ဈေးနှုန်းဟာလည်း ယခင် Samsung Galaxy S8 ထက် အနည်းငယ်များပြားခဲ့ပြီး ဒေါ်လာ ၈၅၀ ဝန်းကျင်လောက်နဲ့ ရောင်းချခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခု TechInsights ရဲ့ စစ်ဆေးမှုတွေအရ Samsung Galaxy S9+ စမတ်ဖုန်းရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေကို သိရပြီပဲဖြစ်ပါတယ်။ TechInsights ရဲ့ ပြောကြားချက်အရတော့ Samsung Galaxy S9+ စမတ်ဖုန်းဟာ ထုတ်လုပ်မှုစရိတ် ၃၇၉ ဒေါ်လာကျသင့်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် အခု Samsung Galaxy S9+ စမတ်ဖုန်းဟာ လက်ရှိ Samsung ကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေထဲမှာ ထုတ်လုပ်မှုစရိတ်အများဆုံးဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ ယခင်ကထုတ်လုပ်ထားခဲ့တဲ့ Samsung Galaxy Note 8 စမတ်ဖုန်းထက်လည်း ၁၀ ဒေါ်လာ ပိုပြီးများပြားမှာပဲဖြစ်ပါတယ်။

အခု ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ ဖုန်းတစ်လုံးရဲ့ Hardware ဈေးနှုန်းတွေကိုပဲ ဖော်ပြတာဖြစ်ပြီး ဖုန်းကုန်မ္ပဏီတွေရဲ့ Software ပိုင်းဆိုင်ရာကုန်ကျမှု၊ အခြားသော Research & Development ကိစ္စတွေကြောင့် ကုန်ကျစရိတ်တွေမပါဝင်တဲ့ဈေးနှုန်းပဲဖြစ်ပါတယ်။

ဒါပေမယ့် Samsung Galaxy S9+ စမတ်ဖုန်းဟာ Apple ရဲ့ ဒေါ်လာ ၁၀၀၀ တန် iPhone X ရဲ့ ထုတ်လုပ်မှုစရိတ်ဖြစ်တဲ့ ဒေါ်လာ ၃၈၉ ကိုတော့ မမှီသေးပါဘူး။