Samsung ရဲ့ Galaxy Watch Series ဟာ Samsung ဖုန်းအသုံးပြုသူတွေတင်မဟုတ်ဘဲ Android အသုံးပြုသူတွေကြားထဲမှာ ရေပန်းစားနေတဲ့ Smartwatch Series ဖြစ်ပါတယ်။ အခုလည်း Samsung ကနေ Galaxy Watch5 ကို မိတ်ဆက်ဖို့စီစဥ်နေပြီး ပါဝင်လာမယ့် Feature အသစ်တစ်ခုက သတင်းပေါက်ကြားလာပါပြီ။

အဆိုပါသတင်းကိုတော့ ET News ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Samsung ကနေ Galaxy Watch5 မှာ Thermometer ကို ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ အခုလိုမျိုး Thermometer ပါဝင်လာတဲ့အတွက် COVID-19 လိုမျိုး ကိုယ်အပူချိန်ကနေတစ်ဆင့်သိနိုင်တဲ့ ရောဂါလက္ခဏာတွေနဲ့ ဓမ္မတာလာခြင်းတွေကိုပါ ပိုပြီး ကောင်းကောင်း Track ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။

အခုလိုမျိုး Smartwatch မှာ Thermometer တပ်ဆင်တာကတော့ Galaxy Watch5 ဟာ ပထမဆုံးမဟုတ်ပေမယ့်လည်း Smartwatch တွေအများစုမှာ Thermometer ပါဝင်ခြင်းမရှိကြပါဘူး။ ဘာကြောင့်လဲဆိုရင် လက်မှာပတ်ထားရတာဖြစ်တဲ့အတွက် နေရောင်တိုက်ရိုက်ထိတွေ့ရတာကြောင့် မှန်ကန်တဲ့ကိုယ်အပူချိန်ကို ရယူဖို့ ခက်ခဲတာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Samsung အနေနဲ့ အခုလိုမျိုး Smartwatch မှာပါဝင်တဲ့ Thermometer ကနေ မှန်ကန်တဲ့ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလို့သိရတဲ့အတွက် ဘယ်လိုမျိုး ဖြေရှင်းထားသလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ Samsung အနေနဲ့ Galaxy Watch5 အပြင် Galaxy Buds Prototype Version တစ်ခုမှာလည်း Thermometer ကို ထည့်သွင်းသွားဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါသေးတယ်။

Ref – GSM Arena