Samsung ဟာ လာမယ့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှာ နှစ်စဥ်မိတ်ဆက်နေကြ Foldable ဖုန်းသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းတွေအရ Samsung Foldable ဖုန်းအသစ်ဖြစ်လာမယ့် Galaxy Z Fold6 ဟာ ယခင်ထက် ပိုမိုပေါ့ပါးလာမှာပါ။

ဘာကြောင့်လဲဆိုရင် Galaxy Z Fold6 ဖုန်းဟာ အလေးချိန်အနေနဲ့ 239g ပဲရှိမှာဖြစ်ပြီး လက်ရှိ Galaxy Z Fold5 ရဲ့ 253g ထက် သိသိသာသာပိုပေါ့ပါးမှာဖြစ်ပါတယ်။ ဒီအလေးချိန်ဟာ OnePlus Open ဖုန်းနဲ့ အလေးချိန်အတူတူပဲဖြစ်သလို Honor Magic V2 ထက်လည်း 2g ပဲ ပိုလေးတော့မှာပါ။

အဆိုပါသတင်းကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ ပြောကြားခဲ့တာဖြစ်ပြီး အခုလို အလေးချိန်ပိုပေါ့ပါးတဲ့အပြင် အထူကလည်း ယခင်ထွက် ပိုပါးလွှာမယ်လို့ သိရပါတယ်။ Samsung Galaxy Z Fold6 ဖုန်းကို ဖြန့်ထားတဲ့အချိန်မှာ 5.6mm ပဲ အထူရှိမှာဖြစ်ပြီး ခေါက်သုံးတဲ့အချိန်မှာလည်း 12.1mm ပဲ အထူရှိတော့မှာဖြစ်ပါတယ်။

လက်ရှိ Galaxy Z Fold5 ဖုန်းဟာ ဖြန့်ထားတဲ့အချိန်မှာ 6.1mm နဲ့ ခေါက်ထားတဲ့အချိန်မှာ 13.4mm ရှိတဲ့အတွက် 1mm ကျော် ပိုပါးလွှာသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အပါးလွှာဆုံးဖြစ်တဲ့ Honor Magic V2 ရဲ့ 4.7mm ဖြန့်ထားတဲ့အချိန်နဲ့ ခေါက်ထားတဲ့အချိန်မှာ 9.9mm ကိုတော့ မမှီသေးပါဘူး။

ဒါတင်မဟုတ်သေးဘဲ Samsung Galaxy Z Fold6 ဖုန်းဟာ အတွင်းဘက် Screen ကို 7.6″ Screen Size ပဲ ဆက်လက်အသုံးပြုမှာဖြစ်ပြီး အပြင်ဘက် Display ကိုတော့ Aspect Ratio ကို 23.1:9 အစား 22:9 ကို ပြောင်းလဲ အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung ရဲ့ Foldable ဖုန်းအသစ်တွေကို လာမယ့် သြဂုတ်လဝန်းကျင်မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena