အခုအချိန်မှာ ရုရှားနိုင်ငံကနေ ယူကရိန်းနိုငံအပေါ်ကို ဝင်ရောက်ပြီး စစ်တိုက်ခိုက်နေတာကြောင့် တကမ္ဘာလုံးက တတ်နိုင်သလောက် ပိတ်ဆို့အရေးယူမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။ အခုလို အရေးယူမှုတွေထဲမှာ နိုင်ငံရေးပိုင်းတွေပါဝင်သလို စီးပွားရေးပိုင်းတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

အခုလည်း ကမ္ဘာ့အကြီးမားဆုံးနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsung ကနေ ရုရှားနိုင်ငံကို ကုန်ပစ္စည်းတွေတင်ပို့ရောင်းချနေမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ Samsung ရဲ့ တရားဝင်ပြောကြားချက်အရတော့ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေကြောင့် ရပ်ဆိုင်းခဲ့တာဖြစ်ပြီး အခြေအနေကို ဆက်လက်လေ့လာသွားဦးမယ်လို့ သိရပါတယ်။

Samsung ကနေ ရပ်ဆိုင်းလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Consumer Electronic ပစ္စည်းတွေ၊ Chip တွေအကုန်လုံးပါဝင်မှာဖြစ်ပါတယ်။ Samsung ဟာ ၁၀ နှစ်ဆက်တိုက် ရုရှားနိုင်ငံရဲ့ ရေပန်းအစားဆုံး Brand တစ်ခုအနေနဲ့ ရပ်တည်နေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံအတွက်ကတော့ အခုလို Samsung ကနေ ပိတ်ဆို့ခံလိုက်ရတာက ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်လာနိုင်ပါတယ်။

Samsung အပြင် လက်ရှိအချိန်မှာ Google ၊ Microsoft ၊ Apple ၊ Facebook ၊ Twitter နဲ့ Game Developer ကုမ္ပဏီကြီးတွေဖြစ်တဲ့ EA ၊ CD Project Red တို့ကလည်း ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် အခုအတိုင်းဆက်သွားမယ်ဆိုရင် ရုရှားနိုင်ငံအနေနဲ့ နည်းပညာပိုင်းမှာ ပိုပြီး ခက်ခဲလာနိုင်ပါတယ်။

Ref – The Verge